DVB Logo
Home
မြန်မာသတင်း
လဘန်ကျေးရွာ ကချင်စစ်ရှောင်စခန်းတွင် စာသင်ကျောင်းဖွင့်လှစ်ရန် အကူအညီလိုအပ်နေ 
DVB
·
June 8, 2024
လဘန်ကျေးရွာ ကချင်စစ်ရှောင်စခန်းတွင် စာသင်ကျောင်းဖွင့်လှစ်ရန် အကူအညီလိုအပ်နေ 
Donate to DVB

ကျောင်းဖွင့်ချိန်ရောက်နေပြီဖြစ်ပေမဲ့ ကချင်ပြည်နယ် လဘန်ကျေးရွာစစ်ရှောင်စခန်းက ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆောက်လုပ်နေတာ လိုအပ်ချက်တွေရှိနေသေးတာကြောင့် မဖွင့်လှစ်နိုင်သေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

ဧရာဝတီမြစ်တဘက်ကမ်း ဝိုင်းမော်မြို့နယ်  နောင်းချိန်းကျေးရွာအုပ်စု လဘန်ရွာမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲက ကျောင်းသားကျောင်းသူတွေ ကျောင်းရပ်နားရမယ့် အခြေအနေ ကြုံတွေ့နေရတာကြောင့် ကိုယ်ထူကိုယ်ထပညာသင်ကြားနိုင်မယ့် စာသင်ကျောင်းဖြစ်မြောက်ရေးအတွက် ကြိုးစားအားထုတ်နေကြတာပါ။

စစ်ရှောင်စခန်းအနီးက မြေကွက်ခြံတခုကို ငှားရမ်းပြီး ဝါးနဲ့ ကျောင်းဆောင်ဆောက်လုပ် သင်ကြားပေးဖို့ လုပ်ဆောင်နေတာဖြစ်ပေမဲ့ စာသင်ကျောင်းဆောင် ပြီးမြောက်အောင် မဆောက်လုပ်နိုင်သေးသလို ကျောင်းသုံးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“ကျောင်းဆောင်တွေ ဆောက်လုပ်နေတာ မပြီးသေးဘူး။ အမိုးကလည်း သွပ်နဲ့ မကာနိုင်ဘူး။ မိုးကာနဲ့ပဲ။ နောက်ပြီး ကျောင်းသုံးပစ္စည်းတွေလိုတယ်။ ကလေးကစားကွင်းတွေလည်း မလုပ်ရသေးဘူး။ နောက်ပြီး ဆရာ/ဆရာမတွေပေါ့ လုံလောက်မှုမရှိသေးဘူး။ ဆရာ/ဆရာမတွေကို ထောက်ပံ့မယ့် လစာလည်း အများကြီး မပေးနိုင်ဘူး။ ကလေးတွေဆီကနေလည်း ပိုက်ဆံတွေ အများကြီးကောက်လို့ မရဘူးလေ။ ဆရာ/ဆရာမတွေကို ပေးဖို့ လစာလည်း အခက်အခဲဖြစ်နေတယ်ပေါ့။”

လက်ရှိလဘန်ရွာမှာ ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူ ၂၅၀ ဝန်းကျင်ရှိပြီး တချို့က ဘာသာရေးအခြေပြုကျောင်းတက်တာ၊ အစိုးရကျောင်းတက်တာနဲ့ တရုတ်စာသင်ကျောင်းတွေမှာ တက်ရောက်နေကြပါတယ်။

ကျန်တဲ့ စစ်ရှောင်ကလေး ၈၀ ခန့်လောက်ကတော့ ပညာသင်ကြားဖို့ အခွင့်အလမ်း မရရှိဘူးလို့ စစ်ရှောင်စခန်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

ကိုယ်ထူကိုယ်ထကျောင်းဖြစ်တာကြောင့် လတ်တလောမှာတော့ မူကြိုကနေ မူလတန်းကျောင်းအထိသာ သင်ကြားပေးနိုင်ဦးမယ်လို့  ဆိုပါတယ်။

အစိုးရကျောင်းတက်နေရတဲ့ ကလေးငယ်တွေမှာလည်း ဆရာ/ဆရာမ မလုံလောက်မှုကြောင့် စာသင်ချိန်ပြင်ပ အချိန်ပိုတွေ သင်ကြားရပြီး ငွေကြေးမတတ်နိုင်တာကြောင့်လည်း အခက်အခဲတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“အစိုးရကျောင်းတက်တဲ့ ကလေးတွေကလည်း အစိုးရကျောင်းမှာ ဆရာ/ဆရာမ မလုံလောက်လို့ အချိန်ပို ကျူရှင်သင်မှ အဆင်ပြေမလို ဖြစ်နေတယ်။ အချိန်ပိုသင်ကတာကလည်း တယောက်ကို တလ ကျပ်  ၅၀၀၀၀ လောက် ကုန်ကျမယ့်သဘောရှိနေတယ်။ ကျောင်းတက်သူများတဲ့အိမ်ဆို အများကြီး ကုန်ကျမှာပေါ့။”

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာအနီး ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်တွေအကြား တိုက်ပွဲတွေကြောင့် ရွာထဲမှာပိတ်ထားခံရတဲ့ အောင်မြေ ၂ ရွာက ဒေသခံအများစုနဲ့ ရွှေညောင်ပင်ရွာက အိမ်ထောင်စု ၇ စုအပါ စစ်ရှောင် ၆၀၀ ကျော်လောက်ဟာ လဘန်ရွာ စစ်ရှောင်စခန်းမှာ ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013