Home
မြန်မာသတင်း
သံတွဲတွင် စစ်တပ်က ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၀ ကျော် သေဆုံး
DVB
·
June 7, 2024
ဆင်ခေါင်းရွာ ဗုံးကြဲခံခဲ့ရစဉ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ဇွန် ၄ ရက်နဲ့ ၅ ရက်နေ့တို့က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၆၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆင်းခေါင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဇွန် ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တရစပ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားသေဆုံးမှု ၁၀၀ နီးပါးအထိရှိနိုင်ပြီး လက်ရှိမှာ ၆၄ ဦးကို မြှုပ်နှံထားပြီး ဖြစ်တယ်လို့ ဆင်ခေါင်းကျေးရွာကို ရောက်ရှိခဲ့တဲ့ သံတွဲဒေသခံတဦးက ပြောပါတယ်။

“ဆင်ခေါင်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ၅၀ ကြားနဲ့ ၁၀၀ ကြားရှိတယ်လို့ သိရတယ်။ ကျနော်သွားတဲ့နေ့ကလည်း စစ်ကောင်စီက ရေကြောင်းကနေ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် အဓိက ပစ်ခတ်ခံခဲ့ရတဲ့ နေရာတွေကို မရောက်ခဲ့ဘူး။ ခိုင်လုံတဲ့ရွာသားတွေ ပြောတာကတော့ လက်ရှိအချိန်အထိ မြေမြှုပ်သင်္ဂြိုဟ်ထားတာ ၆၄ ဦးအထိ ရှိပြီးလို့ပြောတယ်။ စစ်ကောင်စီ ၂ ရက်တိတိ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးတဲ့အထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေလည်း ပါနိုင်တယ်။”

ဆင်းခေါင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက Y-12 လေယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေပါ ကြဲချခဲ့တာတွေရှိပြီး ကျေးရွာအတွင်း အပျက်အစီးတွေများတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ဆင်ခေါင်းကျေးရွာသားတွေမှာ စစ်ကောင်စီက တိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ် ငပလီမှာလည်း စစ်ကောင်စီက ခံစစ်ကို အခိုင်အမာ ပြင်ဆင်နေပြီး ဇွန် ၆ ရက်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို AA ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီက ငပလီလေဆိပ်အနီးမှာ ခံစစ်ကို အသေအချာပြင်ဆင်နေတာ။ အဓိကတော့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တို့ကို AA တို့ ဝင်တိုက်မှာကို တော်တော်လေးကို စိုးရိမ်နေပုံပေါက်တယ်။ အခုလေဆိပ်မှာ ပြင်နေတဲ့ ခံစစ်စခန်းကို မနေ့က AA ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိတယ်” လို့ ပြောပါတယ်။

AA ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေကို သံတွဲဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတယ်လို့လည်း သိရပါတယ်။

သံတွဲမြို့နယ်မှာ တိုက်ပွဲကာလ ၂ လနီးပါးအထိ ကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲဧရိယာဟာ စစ်ကောင်စီရဲ့ တပ်ရင်းတွေနဲ့ ၂ မိုင်လောက်သာ ကွာဝေးတဲ့ နေရာအထိ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က သံတွဲမြို့ မကျဆုံးရေးအတွက် လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေကြရတယ်လို့လည်း သိရပါတယ်။

လက်ရှိ သံတွဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် လေကြောင်းခရီးစဉ်တွေကိုလည်း ဇွန် ၉ ရက်အထိ စစ်ကောင်စီကပိတ်ထားပြီး မြို့ခံအများစုမှာ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခြင်းမရှိဘဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အမ်း၊ သံတွဲနဲ့ မောင်တောမြို့နယ်တွေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်း အာရက္ခတပ်တော်ဘက်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းတွေနဲ့ ခုခံနေရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024