DVB Logo
Home
မြန်မာသတင်း
မတောရွာမင်္ဂလာဆောင်ဗုံးကြဲတိုက်ခိုက်မှု စစ်ပွဲဆိုင်ရာရာဇဝတ်မှုမြောက်ဟု  NUG ဝန်ကြီးပြော
DVB
·
June 7, 2024
မတောရွာမင်္ဂလာဆောင်ဗုံးကြဲတိုက်ခိုက်မှု စစ်ပွဲဆိုင်ရာရာဇဝတ်မှုမြောက်ဟု  NUG ဝန်ကြီးပြော
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာ မင်္ဂလာဆောင်ကို ဗုံးကြဲတိုက်ခိုက်မှုဟာ   စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကနေ အကာအကွယ်အမြန်ဆုံးရနိုင်ဖို့ နိုင်ငံတကာဆီက အကူအညီတောင်းခံနေတယ်လို့  NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက DVBကို ပြောပါတယ်။

ဇွန် ၃ ရက်မနက်က မတောရွာမှာကျင်းပနေတဲ့ ပကဖအဖွဲ့ဝင်အမျိုးသမီးတဦးရဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ရွာသူရွာသားတွေ အနည်းဆုံး ၄၀ လောက် သေဆုံးခဲ့တာပါ။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး  NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက "တချို့ကတော့ ဒီမင်္ဂလာဆောင်က PDF က တာဝန်ရှိတဲ့သူအမျိုးသမီး မင်္ဂလာဆောင်တာ ဖြစ်တဲ့အတွက် အကြမ်းဖက်စစ်တပ်က ဒါကို ဦးတည်တိုက်ခိုက်တာလို့ ပြောပါတယ်။ ဒါပေမဲ့ ကျနော်တို့ သေချာပြောမယ်ဆိုရင်တော့ အဲဒီအမျိုးသမီးဟာ တာဝန်ရှိတဲ့သူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါက ပြည်သူတွေကြားထဲမှာ သာမန် မင်္ဂလာဆောင် အခမ်းအနားတခုကို ကျင်းပတာ ဖြစ်တဲ့အတွက် သူက ဘယ်တပ်ဖွဲ့မှာပဲ တာဝန်ယူယူ ပြည်သူတွေအပေါ်မှာ တိုက်ခိုက်တဲ့ နောက်ထပ် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတခုလို့ ပြောလို့ ရပါတယ်ဗျ။ ဒါနဲ့ပတ်သက်ပြီးတော့ အခုဆိုရင် မကြာမီကျင်းပမယ့် လူ့အခွင့်အရေးကောင်စီရဲ့ ဆွေးနွေးပွဲ မြန်မာနိုင်ငံအကြောင်းဆွေးနွေးတဲ့ကိစ္စမှာ ဒါတွေကို နိုင်ငံတိုင်း နိုင်ငံတိုင်းက ထုတ်ဖော်ပြောဆိုပြီးတော့ ရက်စက်နေတဲ့အကြမ်းဖက်စစ်အုပ်စုကို ဒီထက်ပိုမိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ လေယာဉ်ဆီပိတ်ဆို့မှု၊ အရေးပေါ်လေကြောင်းရန်က ကာကွယ်ပေးတာ၊ ဒါမျိုးစနစ်မျိုး ဆက်သွယ်ရေးပုံစံတွေ မြန်မြန်ပေးဖို့ ထိထိရောက်ရောက်ပေးဖို့ ကျနော်တို့ တောင်းဆိုမှုတွေ ဆက်လက်ပြီးတော့ လုပ်နေပါတယ်”လို့ DVB ကိုပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုပြီးပြီးချင်းမှာ ရုပ်အလောင်း ၂၂ လောင်းတွေ့ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေ ထပ်မံသေဆုံးခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွာသားတွေဟာ တကွဲတပြား ထွက်ပြေးခဲ့ကြရတာကြောင့် သေဆုံးဒဏ်ရာရစာရင်းကို အတိအကျအတည်ပြုဖို့ ခက်ခဲနေတယ်လို့ မတောရွာရပ်မိရပ်ဖတယောက်က ပြောပါတယ်။

"ဒဏ်ရာရက အခုလက်ရှိက ၇၀ လောက်ဖြစ်နေတယ်၊ တချို့တလေကြလည်း မပြဘဲနဲ့ နေကြတာတွေလည်းရှိတယ်။ အပြင်းအထန် ခြေဖြတ်လက်ဖြတ်တွေဆိုရင်တော့ ၁၀ ယောက် ဝန်းကျင်လောက်ရှိမယ်။ ရွာထဲကတော့ ပြန်ကပ်လို့မရဘူးဗျ၊ လေယာဉ်က တဝီဝီဝဲနေတာ ဆိုတော့။ ပြီးတော့ သေကျေပျက်စီးသွားတဲ့ အတိုင်းအတာအရရော ကြောက်လန့်ကုန်ကြတာပေါ့ဗျာ။ သွေးညှီနံ့တွေဘာတွေ၊ ကျနော်တို့ ဖြစ်ပြီးတဲ့ ရက်တုန်းကလည်း ကောက်တယ်၊ နောက်ရက်ကောက်တော့လည်း တွေ့တယ်။ တွေ့တာတွေ  လိုက်ကောက်တာကို မိုးကာနဲ့ တထုပ်ရသေးတယ်။ သူတို့ပစ်မှတ်က ဒီမင်္ဂလာဆောင်မှာ PDF တွေအများကြီးပဲ ထပ်နေမယ်ထင်ပြီး လုပ်တဲ့အလုပ်ပါ။ ကျနော်တို့ကတော့ စိတ်မကောင်းဖြစ်ပြီးတော့ အင်မတန်ဆိုးရွားတဲ့ မြင်ကွင်းပါဗျာ။ ခါးပိုင်းပြတ်လို့လည်း တချို့က လှုပ်တုန်း မသေကြသေးဘူးဗျ။"

မတောရွာဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မင်းကင်းမြို့ပေါ်နဲ့ ၁ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ရွာဖြစ်ပြီး အိမ်ခြေ ၁၃၀ ဝန်းကျင်ရှိတဲ့ ရွာဖြစ်ပါတယ်။ စစ်ကောင်စီ လေယာဉ်က ကြဲချလိုက်တဲ့ဗုံးဟာ မင်္ဂလာဆောင်မဏ္ဍပ်တည့်တည့်ကို ကျခဲ့တာကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရသူများခဲ့တာပါ။ 

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ မင်္ဂလာပွဲကိုရောက်နေတဲ့ ဒေသတွင်း NUG တာဝန်ခံတွေအပါအဝင် ပကဖ၊ ပအဖ အဖွဲ့ဝင် အများအပြားသေဆုံးခဲ့တယ်လို့ ရေးသားနေကြပေမယ့် ဒေသတွင်း PDF တွေကတော့ ဒါဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ သုံးနှစ်ကျော်ကာလအတွင်း အနောက် မြောက်တိုင်းစစ်ဒေသ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့မကွေးတိုင်းတို့မှာ စုစုပေါင်း လေကြောင်းတိုက်ခိုက်ခံရမှု ၈၂၄ ကြိမ်အထိရှိခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ၁၈၅ ကြိမ်၊ မကွေးတိုင်းမှာ ၉၆ ကြိမ်နဲ့ စစ်ကိုင်းတိုင်းမှာ ၅၄၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ  ၆၄၃ ဦးသေဆုံးခဲ့ကာ ပြည်သူ ၅၅၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013