Home
မြန်မာသတင်း
စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်မှု  NUG ပြင်းပြင်းထန်ထန်ရှုတ်ချ
DVB
·
June 7, 2024
မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု မြင်ကွင်း
မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု မြင်ကွင်း
မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု မြင်ကွင်း
မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု မြင်ကွင်း

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စာသင်ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် တရားမဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

စာသင်ကျောင်းတွေကို ပစ်မှတ် ထားတိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီးတော့ NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဇွန် ၆ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ဇွန် ၄ ရက်က  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်း ကျောင်းဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးငယ် ၃ ယောက်သေဆုံးကာ ပြည်သူ အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၅ ရက်ကလည်း မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီး ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကြားနေတဲ့ စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ၄ ယောက်ထက်မနည်း သေဆုံးပြီး ပြည်သူအယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ စာသင်ကျောင်းတွေမှာ တပ်စွဲတာတွေက ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်တွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာလို့ NUG အစိုးရက ပြောပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေကို စစ်ရေးအခြေစိုက်စခန်းအဖြစ် အသုံးပြုတာတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲနေတာတွေ စတဲ့ အကြမ်းဖက် တရားမဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တဲ့ ဘယ်လိုအဖွဲ့အစည်းကိုမဆို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်တယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍမှာ ထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်တွေအတွက် နိုင်ငံတကာ အနေနဲ့ ထိရောက်အကျိုးရှိတဲ့ တားဆီးအရေးယူမှုတွေကို ဆောင်ရွက်ပြီး ကလေး သူငယ်တွေအတွက် လုံခြုံစွာ ပညာသင်ယူခွင့်နဲ့ ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်းတွေ ပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်ပေးဖို့ အထူးလိုအပ်နေတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာတော့ အခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေကို ဇွန် ၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီကတော့ နိုင်ငံတဝန်းက နိုင်ငံပိုင်ကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွေလာ လာရောက်အပ်နှံတဲ့ ကျောင်းသားအရေအတွက် ၆၃ သိန်းကျော်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတ့ကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အရပ်ဘက်သုတေသနအဖွဲ့အစည်းတွေရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စာသင်ခန်းပြင်ပ ရောက်ရှိသွားတဲ့ ကျောင်းနေအရွယ် ကလေးဦးရေက ၂ ဆကျော်အထိ မြင့်တက်သွားပြီး ၃ နှစ်ကျော်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ ၃ သန်းကျော်အထိ ရှိနေပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024