DVB Logo
Home
မြန်မာသတင်း
ရေရှည်တည်တံ့သည့် မီဒီယာဖြစ်ရေး ပြည်တွင်းပြည်ပသတင်းသမားများ ဆွေးနွေး
DVB
·
September 20, 2014
ရေရှည်တည်တံ့သည့် မီဒီယာဖြစ်ရေး ပြည်တွင်းပြည်ပသတင်းသမားများ ဆွေးနွေး
Donate to DVB

မြန်မာပြည်ရဲ့ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပတာဖြစ်ပြီး မီဒီယာတွေ ရေရှည်တည်တံ့ရေး အပါအ၀င် အကြောင်းအရာ အတော်များများကို ပြည်တွင်းပြည်ပ သတင်းသမားတွေက တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

စက်တင်ဘာလ ၁၈ နဲ့ ၁၉ ရက်တွေမှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာတော့ စာနယ်ဇင်းကောင်စီနှင့် တာဝန်ခံမှု၊ မီဒီယာနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ သတင်း မီဒီယာဥပဒေတွေအကြောင်း ပြည်တွင်းပြည်ပက သတင်းစာဆရာတွေက ဆွေးနွေးသွားခဲ့ကြ တာပါ။

dvbmedia6အခမ်းအနားတက်ရောက်လာတဲ့ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကတော့ အသွင်ကူးပြောင်းစနိုင်ငံမှာ မီဒီယာဈေးကွက်ကို မီဒီယာအုပ်စုက လွှမ်းမိုးတာကို ရှောင်ချင်ပြီး ဒေသခံတိုင်းရင်းသား မီဒီယာလုပ်ငန်းတွေကို ရေရှည်ရပ်တည်မှုပေးဖို့ လိုတယ်လို့ ပြောပါတယ်။

“တစ်ကတော့ မီဒီယာဗဟု ၀ါဒပေါ့။ ဆိုလိုတာက အသွင်ကူးပြောင်းစနိုင်ငံတွေ လိုက်လေ့လာ လိုက်တဲ့အခါမှာ မီဒီယာတွေ အများကြီး ပေါ်လာတယ်။ အများကြီးပေါ်လာတော့ ၄၊ ၅၊ ၆ နှစ် ကြာတဲ့အခါကျတော့ မီဒီယာအုပ်စုကြီးတွေကပဲ လွှမ်းမိုးသွားတယ်။ အသွင်ကူးပြောင်းစ နိုင်ငံမှာ အဲဒါကို ရှောင်ချင်တယ်။ နောက်တခုက တိုင်းရင်းသားမီဒီယာလိုဟာမျိုးတွေ များများ ပေါ်စေချင် တယ်။ ဒါတွေကို ရေရှည်ရက်တည်ဖို့ ပြောတဲ့အတွက်ကြောင့်မို့လို့ပါ။ တချို့ဟာတွေဆို ဒေသအခြေပြုရေဒီယို ဟာမျိုး မီဒီယာလိုဟာမျိုးကို အစိုးရက ဘယ်လိုမျိုးအထောက်အပံ့ပေးနိုင် မလဲ။ ဒီလိုဟာမျိုးတွေ ထည့်စဉ်းစားရမယ်။”

၂ ရက်တာဆွေးနွေးပွဲအတွင်းမှာ မီဒီယာကျင့်ဝတ်၊ ရုပ်သံမီဒီယာတွေရဲ့ အခန်းကဏ္ဍ၊ ဒေသအခြေပြု ရေဒီယိုတွေရဲ့ အခန်းကဏ္ဍနဲ့ ရွေးကောက်ပွဲအတွက် သတင်းရေးသားနည်းစတဲ့ ခေါင်းစဉ်တွေနဲ့ မြန်မာ့မီဒီယာအရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

စာနယ်ဇင်ကောင်စီအဖွဲ့ဝင် စာရေးဆရာဦးဖေမြင့်ကတော့ ဒီမိုကရေကူးပြောင်းမှု မပီပြင်သေးသ၍ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် အနှောင့်အယှက်တွေ ရှိနေသေးပြီး မဏ္ဍိုင် ၄ ရပ်ပူးတွဲပြီး ကော်မတီ တရပ်ဖွဲ့စည်းဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီ ကူးပြောင်းမှု ပီပီပြင်ပြင် မဖြစ်သေးသ၍ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတဲ့ဟာလည်းပဲ သေသေချာချာ ပီပီပြင်ပြင်ရှိမှာ မဟုတ်ဘူး။ အနှောင့်အယှက်တွေ ထပ်ရှိနေဦးမယ်။ အဲဒီတော့ ဒီကြားကာလမှာ စာနယ်ဇင်းသမားမှာ သိပ်ထိခိုက်နစ်နာမှုတွေ မရှိအောင် အာဏာမဏ္ဍိုင် ၃ ရပ်နဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်းသားတွေရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ပြီး ဆွေးနွေးပြီးတော့ ဖြစ်နိုင်လို့ရှိရင် မဏ္ဍိုင် ၄ ရပ် ပူးတွဲပြီးတော့ ဒီလိုပြဿ နာတွေကို ဖြေရှင်းပေးမယ့် ကော်မတီတခု ဖွဲ့စည်းနိုင်ဖို့ အဲဒီလောက်အထိ မျှော်လင့်တယ်။”

သတင်းစာဆရာ ဦးသီဟစောကလည်း သတင်းသမားတွေအနေနဲ့ သတင်းစာလွတ်လပ်ခွင့်ရဖို့ အတွက် အရည်အသွေးမြင့်တင်ပြီး စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီနေဖို့အတွက် လိုအပ်မှု ရှိတယ်လို့ ပြောပါတယ်။

“သတင်းသမားတွေရဲ့ အရည်အသွေးပြည့်ဝဖို့ Professional ပီသဖို့ စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီအောင်လုပ်ဖို့ပေါ့။ အဲဒါလည်း အချက် ၁ ချက်ပဲ။ အကုန်လုံးလည်း စာနယ်ဇင်းကျင့်ဝတ်နဲ့ ညီပြီးတော့ လုပ်မယ်ဆိုရင် Professional ပီသလာမယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်မှာပဲ လုပ်နေ လုပ်နေ အရည်အချင်းပြည့်အောင် လုပ်ဖို့လိုမယ်။”

ဒီအလုပ်ရုံဆွေးနွေးပွဲကနေ မြန်မာ့ မီဒီယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အကြံဉာဏ်တွေ ထွက်ပေါ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယူနက်စကို အပါအ၀င် မီဒီယာအဖွဲ့အစည်းတွေက ပူးပေါင်းအကောင်အထည်ဖော်ကြဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

တတိယအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတကာ သတင်းမီဒီယာသမားတွေနဲ့ ပြည်တွင်းကသတင်းမီဒီယာသမား ၃၀၀ ခန့် တက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013