Home
မြန်မာသတင်း
ကရင်နီ ၈ မြို့နယ်၌  ကြားကာလအုပ်ချုပ်ရေးလည်ပတ်၊ ဖက်ဒရယ်ပြည်နယ်အဖြစ် ပါဝင်မည်
DVB
·
June 6, 2024

ကရင်နီ (ကယား)ပြည်နယ်အတွင်း ၈ မြို့နယ်မှာ အုပ်ချုပ်ရေးတွေ လည်ပတ်နေပြီး ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုအဖြစ် ပါဝင်နိုင်ဖို့ အုပ်ချုပ်ရေးကို အစပြိုးနေတယ်လို့  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြောပါတယ်။ 

ကရင်နီ ၈ မြို့နယ်မှာ ပြည်သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရားဖွဲ့နိုင်ခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တခုအဖြစ် ပါဝင်နိုင်ဖို့ ဦးတည်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

ဇွန် ၆ ရက်နေ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း တနှစ်ပြည့် မိန့်ခွန်း ပြောရာမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတွေမှာ ပြည်သူနဲ့ ဒေသတွင်းတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ရဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ အုပ်ချုပ်ရေးလည်ပတ်နေတယ်လို့လည်း ပြောပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေနဲ့ ထိန်းချုပ်နယ်မြေတွေ ရှိလာပြီးတဲ့နောက် အုပ်ချုပ်ရေးယန္တရားတွေ စတင်လာတာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိမ်းချုပ်ထားနိုင်တဲ့ ဖရူဆို၊ ရှားတော၊ မယ်စဲ့၊ ဒီးမော့ဆိုမြို့နယ်တွေ အပါအဝင် ဖားဆောင်းနဲ့ လွိုင်ကော်က နေရာတချို့မှာပါ ပြည်သူတွေပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေတာလို့   IEC တာဝန်ရှိသူတွေက DVB ကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ ပြောထားခဲ့ပါတယ်။

IEC ဥက္ကဋ္ဌ ခူဦးရယ်က “ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုရဲ့ ကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အညီ အုပ်ချုပ်ရေးကို အစပြိုးပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတဲ့ ဦးတည်ချက် ၅ ရပ်နဲ့ အညီ တနှစ်တာအတွင်း မြို့နယ် ၈ မြို့နယ်မှာ ပါဝင်သင့်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အင်အားစုတွေပါတဲ့ ပြည်သူအခြေပြု ယန္တရားကိုဖွဲ့နိုင်ခဲ့ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတွေမှာအဖွဲ့ဝင်  ၇ ဦးကနေ ၉ ဦး အထိဖွဲ့စည်းပြီး ဒေသတွင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ကိုယ်စားလှယ် ၃ ဦး တို့နဲ့ စုပေါင်းခေါင်းဆောင်မှု အုပ်ချုပ်ရေးယန္တရားကို လက်တွေ့လည်ပတ်နေပြီဖြစ်တယ်”လို့ ပြောပါတယ်။

အုပ်ချုပ်ရေးအပြင် ကရင်နီပြည်နယ်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ တရားဥပဒေအပိုင်းတွေကိုလည်း ပြောကြားသွားပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီအနေနဲ့ တနှစ်တာကာအတွင်း အခွန်ကောက်ခံတာ၊ နိုင်ငံတကာ အလှူငွေတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထောက်ပံ့မှုတွေ ရရှိထားတယ်လို့ ခူဦးရယ်က ပြောပါတယ်။

“အခွန်ကောက်ခံမှုတွေကနေရတဲ့ရန်ပုံငွေတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရက  ထောက်ပံ့ပေးခဲ့တဲ့ရန်ပုံငွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ရန်ပုံငွေ၊ တတိယနိုင်ငံတွေက ကရင်နီလူမှုအသိုင်းအဝိုင်းစတာတွေ စုပေါင်းရင် တနှစ်အတွင်း ကျပ် ကျပ်ငွေ သန်း ၈၃၁၀ ဖြစ်တယ်။ နေရာအသီးသီးအတွက် ကျပ်ငွေ သန်း ၆၁၈၇ ခွဲဝေသုံးပြီး ဖြစ်ပါတယ်။”

၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ရှားတော၊ မော်ချီး ၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စတဲ့ မြို့ ၇ မြို့ကို ထိန်းချုပ်ထားနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီဟာ ကရင်နီနယ်စပ် ရှမ်းတောင်ဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့်  လွိုင်ကော်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တိုက်ပွဲတွေကြောင့် ကရင်နီလူဦးရေ လေးသိန်းနီးပါးထဲက သုံးသိန်းကျော်ဟာ နှစ်နဲ့ချီကာ စစ်ရှောင်နေကြရပါတယ်။

 မြတ်ကြီး 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024