DVB Logo
Home
Lead Story
မတူတဲ့သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ရမယ်- နော်ဝေလွှတ်တော်အမတ်
DVB
·
September 20, 2014
မတူတဲ့သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ရမယ်- နော်ဝေလွှတ်တော်အမတ်
Donate to DVB

digitale+medierနော်ဝေနိုင်ငံ လွှတ်တော်အမတ်လည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စစ် အန်နီကင် ဟွတ်ဖက်တ် (Ms. Anniken Huitfelt) မြန်မာနိုင်ငံ ခရီးစဉ်လာရောက်တဲ့ အခိုက်အတန့်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီလက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံကို လာတဲ့ရည်ရွယ်ချက်လေး ပြောပါဦး။

“ကျမက နော်ဝေပါတီ ၇ ခုကို ကိုယ်စားပြုပြီးလာတဲ့ လွှတ်တော်အမတ်ပါ။ ပြီးတော့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကော်မတီရဲ့ တာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။ ဒါက နော်ဝေ လွှတ်တော်အမတ်တွေအနေနဲ့ ပထမဆုံး တရားဝင်လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ပြည်သူတွေဆီက အသံတွေ နားထောင်ဖို့နဲ့ သင်ယူဖို့အတွက် ပြည်သူတွေနဲ့စကားပြောဖို့ ကျမတို့အတွက် အရေးကြီးပါတယ်။”

ဒီနိုင်ငံရဲ့ပြောင်းလဲမှုတွေကိုရော ဘယ်လိုထင်မြင်ပါသလဲ။

“ဒီမှာ အများကြီး ပြောင်းလဲနေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်မြောက်နေပြီ။ ပြီးတော့ မီဒီယာတွေအတွက်လည်း ကောင်းတဲ့အနေအထား မြင်နေရတယ်။ ပြည်သူတွေလည်း ပြင်ပကမ္ဘာက သတင်းအချက်အလက်တွေလည်း ရလာနေတယ်။ ဒါဟာ အနာဂတ် ပြုပြင်ပြောင်းလဲရေးရဲ့ တန်ဖိုးရှိတာတွေ ဖြစ်သလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဟာ ရှေ့ဆက်သွားဖို့ မြင်နေပါတယ်။”

မီဒီယာအတွက် ကောင်းတဲ့အခြေအနေ ရှိနေတယ်လို့ ခင်ဗျား ပြောသွားတယ်။ ဟုတ်ပါတယ်။ အရင်တုန်းက အခြေအနေနဲ့ ယှဉ်ရင်တော့ ကောင်းလာတယ် ပြောရမှာပါ။ နောက်ပိုင်းမှာ ဂျာနယ်လစ်တွေကို ဖမ်းဆီးပြီး ထောင် ၁၀ နှစ်ချတာတွေလည်း ရှိနေတယ်။ ဒီလို ခက်ခဲတဲ့အနေအထားတွေကိုရော သတိပြုမိလား။

“ဟုတ်ကဲ့ ဒါနဲ့ ပတ်သတ်ပြီးတော့လည်း ဒီမိုကရေစီလမ်းစဉ် သွားတဲ့နေရာမှာ သတင်း လွတ်လပ်ခွင့်ရဲ့အရေးကြီးပုံကို မြန်မာနိုင်ငံကို မလာခင်မှာ ဆွေးနွေးခဲ့ပါသေးတယ်။ ဒါဟာ လူ့အဖွဲ့အစည်းအတွင်းမှာ အငြင်းပွားဖွယ်ရာ အဖြစ်အပျက်ပါပဲ။”

ဒီခရီးစဉ်အတွင်း နိုင်ငံရေးအရ အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ခဲ့ရတဲ့အထဲမှာ ဘယ်သူက အလားအလာရှိတဲ့သူ ဖြစ်မလဲ။

“ကျမတို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့ပါတယ်။ သူဟာ နော်ဝေမှာ နိုဘယ်လ်ဆုကိုလည်း ရခဲ့ပါသေးတယ်။ သူနဲ့ တွေ့ဆုံရတာ ဂုဏ်ယူစရာပါ။ ပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ နောက် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အစိုးရဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့လည်း နော်ဝေအစိုးရရဲ့ သဘောထားတွေကို ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ အမ်ပီစီက သူတွေနဲ့လည်း တွေ့ခဲ့ပါတယ်။”

ဗြိတိန်နိုင်ငံအပါအဝင် တခြားဥရောပနိုင်ငံတွေက မြန်မာစစ်တပ်ကို စစ်သင်တန်းတွေ ပေးတယ်။ ဒီလိုမျိုး အလားတူကိစ္စတွေကိုရော ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တွေ့တဲ့အချိန်မှာ ဆွေးနွေးခဲ့သေးလား။

“ကျမတို့ ဒီအကြောင်းအရာကို မဆွေးနွေးခဲ့ပါဘူး။ ကျမတို့ ဆွေးနွေးခဲ့တာက လူထုကြားမှာ စစ်တပ်ရဲ့ကဏ္ဍကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာကိုပါ။”

အဲဒီတော့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အကြံပြုချက်တွေကို သူတို့က ဘယ်လို တုံ့ပြန်လဲ။

“ကျမတို့ တခြားသူတွေရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေကို ကြည့်ရပါမယ်။ တချို့လူတွေက အပြောင်းအလဲမှာ နေရာရတယ်။ တချို့က အပြောင်းအလဲကို ခံနိုင်ရည် မရှိကြဘူး။ ကျမတို့ကဏ္ဍကတော့ အနာဂတ်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ထောက်ပံ့ ပေးဖို့ပါ။”

နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအရွေ့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အများကြီး ထောက်ပံမှုတွေ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ နော်ဝေနိုင်ငံက အရေးကြီးတဲ့နေရာက ပါဝင်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လို မြင်သလဲ။

“အစိုးရကို ဒီလိုလုပ်ဖို့ ကျမက တိုက်တွန်းမှာပါ။ ဒါက အရေးကြီးပါတယ်။ အပြောင်းအလဲတွေကိုလည်း အမြဲစောင့်ကြည့်နေမှာပါ။ လေဘာပါတီ ကိုယ်စားပြုပြီး အစိုးရကို ထောက်ပံပေးဖို့ ပြောမှာပါ။ ဒါက ကျမတို့ပါတီရဲ့ ရပ်တည်ချက်ပါ။ ပြီးတော့ ကျမက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌလေ။ ၆ နှစ်ကြာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရင်း ရွေးကောက်ပွဲမှာ ရှုံးသွားပြီးတဲ့နောက် လွှတ်တော်မှာ ဒီရာထူးကို လက်ခံခဲ့တာပါ။ ဒါက နော်ဝေပါလီမန်မှာ အတိုက်အခံတွေ ပေါ်လစီရေးဆွဲရာမှာ ပါဝင်ခွင့်ရှိတယ်ဆိုတာ ပြတာပါ။ လူ့အဖွဲ့အစည်းသစ် တည်ထောင်ရာမှာလည်း အဲဒီလုပ်ဟန်ဟာ အရေးပါမယ်လို့လည်းထင်ပါတယ်။”

ဒါဆို မူဝါဒတွေ ချမှတ်တဲ့နေရာမှာ အတိုက်အခံတွေ ပါဝင်ရမယ်ဆိုတာ နော်ဝေနိုင်ငံအတွက် ပြောတာလား။ မြန်မာနိုင်ငံအနေနဲ့ပြောတာလား။

“ဒါက အားလုံးအတွက် အရေးကြီးတာပဲလေ။”

ဒါဆို အပြန်ခရီးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခင်ဗျားတို့အစိုးရကို တခုခုများ အကြံပေးတာ၊ ထောက်ခံပေးတာမျိုး ရှိမလား။

“သတင်းစကား ပါးမှာပါ။ ကျမက မနှစ် အောက်တိုဘာလက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှုံးခဲ့လို့ အစိုးရအဖွဲ့ကနေ ထွက်ခဲ့ပေမယ့် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကော်မတီမှာတော့ ဆက်ရှိနေပါတယ်။ ဒါက နော်ဝေစနစ်မှာ အတိုက်အခံတွေ အပြင်မရောက်တာကို ပြတာပါ။ ဒါက ဒီမိုကရေစီစနစ် တည်ဆောက်ရမှာ အရမ်းအရေးကြီးပါတယ်။ အနိုင်ရတဲ့သူက တဦးတည်း ဦးဆောင်လို့ မရပါဘူး။ မတူတဲ့သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။”

အခု လက်ရှိအစိုးရဟာ လွန်ခဲ့တဲ့နှစ်တွေကမှ အာဏာရလာတာ ဖြစ်ပေမယ့် ခင်ဗျားတို့ လေဘာပါတီကတော့ အစိုးရအဖွဲ့ထဲမှာ ရှိခဲ့တာ ကြာပြီ။ ဒီတော့ အခု လက်ရှိအစိုးရရဲ့ ပေါ်လစီဟာ ခင်ဗျားတို့ အစိုးရ ပေါ်လစီနဲ့ ယှဉ်ရင် ဘယ်လိုမြင်လဲ။

“အဲဒီလို နှိုင်းယှဉ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒီနှစ်ထဲမှာဆိုရင် နော်ဝေ အခြေခံပဒေ ရေးဆွဲခဲ့တာ နှစ် ၂၀၀ ပြည့်အခမ်းအနားကို ကျင်းပခဲ့သေးတယ်။ နော်ဝေက ဒီမိုကရေစီ ရခဲ့တာ နှစ် ၂၀၀ ကြာပြီလို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံက အစပဲရှိသေးတယ်လေ။ အပြောင်းအလဲတွေကတော့ လာတော့မှာပါ။ အချိန်ကတော့ ယူရမှာပေါ့။”

နော်ဝေလို စကင်ဒီနေးဗီးယားနိုင်ငံတွေမှာ နိုင်ငံရေးက တည်ငြိမ်တယ်။ အားလုံး ပါဝင်တယ်။ မြန်မာနိုင်ငံမှာက တဖွဲ့နဲ့ တဖွဲ့ ဖယ်ရှားဖို့ ကြိုးစားနေကြတယ်။ ဒါက အဓိက ပြသနာပဲ။ ဒါကြောင့် နော်ဝေလိုမျိုး ဖြစ်ဖို့ဆိုရင် ခင်ဗျားရဲ့ စေ့စပ်မှုတွေက အထောက်အကူ ဖြစ်ပါမလား။

“ဒီလို အကြံပြုတဲ့နေရာမှာ ကျမအနေနဲ့ သတိထားရမှာပေါ့။ တခုနဲ့ တခု နှိုင်းယှဉ်ဖို့က ခက်တယ်လေ။ ဒါပေမယ့် ကျမ မြင်တာကတော့ ဒီမိုကရေစီထူထောင်တဲ့နေရာမှာ မတူတဲ့ အဖွဲ့အစည်းတွေ၊ လူနည်းစုတွေ ပါဝင်တာဟာ အာဏာခွဲဝေရေးနဲ့ စီးပွားရေး ဖွံဖြိုး တိုးတက်ဖို့ နေရာမှာ ကောင်းမွန်စေမှာပါ။ ဒါက နော်ဝေအဖွဲ့အစည်းအနေနဲ့ အရေးကြီးပါတယ်။ အဲဒါကို တခြားလူ့အဖွဲ့အစည်းနဲ့ အမြဲ နှိုင်းယှဉ်လို့မရဘူး။”

မြန်မာနိုင်ငံက ပြည်သူတွေကိုရော ဘာများပြောချင်လဲ။

“မြန်မာနိုင်ငံက ပြောင်းလဲတော့မှာပါ။ ဒီအပြောင်းအလဲဖြစ်စဉ်ကို နော်ဝေအစိုးရကော ကျမတို့ ပါတီကပါ နီးနီးကပ်ကပ် စောင့်ကြည့်လေ့လာနေမှာပါ။ ဘာလို့လဲဆိုတော့ ကျမတို့က ဒီကိစ္စကို လုပ်ခဲ့တာလည်း ကြာနေပြီလေ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ဆက်လည်း လုပ်ဆောင်မှာပါ။ ဒါပေမယ့် ကျမတို့ မြန်မြန်လုပ်ဆောင်ဖို့ လိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013