DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံးမိသားစုဝင်များ ပြန်လာလိမ့်မည်ဟု မျှော်လင့်နေသည့် ဗျိုင်းဖြူရွာက အမျိုးသမီးများ
DVB
·
June 5, 2024
ပျောက်ဆုံးမိသားစုဝင်များ ပြန်လာလိမ့်မည်ဟု မျှော်လင့်နေသည့် ဗျိုင်းဖြူရွာက အမျိုးသမီးများ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပူးပေါင်းတပ်တွေ မေ ၃၀ ရက်မှာ ဝင်ရောက်လာပြီး အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းတွေနဲ့  အာရက္ခတပ်တော် (AA) တို့က အတည်ပြုပါတယ်။

အိမ်ခြေ ၄,၀၀၀ ခန့်ရှိတဲ့ ဗျိုင်းဖြူရွာက အမျိုးသမီးနဲ့ ကလေးငယ်တွေကတော့ ရွာကနေ ထွက်ပြေးခဲ့ရပြီးနောက် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ၁,၆၀၀ နီးပါး ခိုလှုံနေကြရပြီး ပျောက်ဆုံးနေတဲ့ သူတို့မိသားစုတွေ ပြန်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ပျောက်ဆုံးနေသူတဦးရဲ့ ဇနီးက “ကျမတို့ ရွာကထွက်လာတာ ဒီနေ့နဲ့ဆိုရင် ၈ ရက်ရှိပါပြီ။ ကျမတို့ ဘုန်းကြီးကျောင်း ၇ ကျောင်းလောက်မှာ ခွဲနေကြတာပါ။ တချို့တွေကတော့ အပြင်မှာ ဖြစ်သလိုနေနေရတာ။ ကျမတို့ အခုနေတဲ့ ဘုန်းကြီးကျောင်းတကျောင်းတည်းကိုပဲ လေးငါးရာလောက်ရှိတယ်။ ထမင်းထုပ်လေးတွေ ပေးပါတယ်၊ ဘယ်အဖွဲ့က ပေးတာလဲတော့ ကျမတို့မသိပါဘူး။ ကျောင်းဝင်းထဲက‌နေတော့ အပြင်မထွက်ရဲပါဘူး၊ ရွာကိုလည်း သွားမကြည့်ရဲပါဘူး။ ကျမတို့ကို ရွာကနေ ခေါ်ထုတ်လာတာကတော့ မြန်မာစစ်သားတွေပါ။ သူတို့က ကျမတို့ကို လှည့်မကြည့်ခိုင်းပါဘူး၊ သေနတ်တွေနဲ့ ပစ်တဲ့အသံတွေတော့ ကြားပါတယ်။ ဘယ်သူတွေ အသတ်ခံရတာလဲ၊ သေတာလဲကိုတော့ မကြည့်ခဲ့ရလို့ သေတဲ့သူတွေ ဘယ်သူဆိုတာတော့ ပြောပြနိုင်ပါဘူး။ လှည့်မကြည့်ရဲဘူး၊ လှည့်ကြည့်ရင် ပစ်သတ်မယ်လို့ ပြောပါတယ်။ ကျမတို့ မောင်တွေ၊ အစ်ကိုတွေ၊ ကျမတို့သားတွေ အမြန်ဆုံး ပြန်ရောက်ပါစေလို့ ကျမတို့ အမြဲ ဘုရားမှာ ဆုတောင်းပါတယ်။ ကျမတို့ကို ခဏလေး မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ နောက်တော့ ယောကျ်ားလေးတွေ အကုန်လုံးကို ခေါ်သွားတယ်။ ပြီးတော့ ယောကျ်ားလေးတွေကို သတ်လိုက်ပြီဆိုပြီး ‌မြင်ခဲ့တဲ့သူတွေတော့ မြင်ခဲ့ရတယ်။ ကျမတို့က မြေဇာပင်ဖြစ်နေတာပါ၊ သူတိုနှစ်ဖက် ဖြစ်နေကြတဲ့အထဲမှာ။ သူတို့ပြောသလို ကျမတို့အမျိုးထဲမှာ AA စစ်သားလည်း မရှိဘူး၊ ရွာမှာလည်း မရှိဘူး၊ သက်သက် သတင်းပေးတဲ့လူရှိလို့ အခုလို လုပ်ခံရတာ။ အခုတော့ ရွာထဲကိုမဝင်ဖို့ စကစတွေက အမိန့်လည်းထုတ်ထားတယ်။ ကျမနောက်ဆုံးပြောချင်တာက ကျမတို့မိသားစုတွေ အမြန်ပြန်ဆုံဖို့၊ ကျမတို့ရွာလေး အေးချမ်းဖို့ပဲ မျှော်လင့်နေပါတယ်၊ ဘုရားမှာလည်း ဆုတောင်းနေပါတယ်” လို့ ပြောပါတယ်။

အဖမ်းခံရပြီး ပြန်လွတ်လာသူ အမျိုးသမီးတဦးက “အရင်ကရှိနေတဲ့ အဖွဲ့တွေမဟုတ်ဘူး၊ နောက်ပြောင်းလာတဲ့ စကစ တပ်ဖွဲ့တွေ။ အရမ်းရိုင်းပြီး အရမ်းရက်စက်တယ်၊ ၁၀၁ ကလို့ လူကြီးတွေက ပြောကြတယ်။ ခေါ်ထုတ်လာတဲ့ နေ့ကတည်းက ရွာထဲမှာ သေနတ်သံတွေ ကြားနေရတာ။ လမ်းလျှောက်ခေါ်သွားရင်းနဲ့ ရိုက်သတ်တာတွေလည်း ရှိတယ်။ သေတာက ၇၆ ယောက်လို့တော့ ပြောနေကြတာပဲ။ သွားကြည့်လို့လည်းမရ၊ အလောင်းလည်း မတွေ့ရတော့ ဘယ်လိုပြောရမှန်း မသိပါဘူး။ ရွာက ယောကျ်ားလေး အကုန်ခေါ်သွားတာ၊ စရဖတွေ စစ်သားတွေက ခေါ်သွားတာ။ ဒီနေ့အထိတော့ ဘယ်သူမှ ပြန်ရောက်မလာဘူး။ ပြောသာပြောနေရတာ သူတို့သိမှာလည်း ကြောက်တယ်။ အမျိုးသားကော၊ သမက်ကော၊ အိမ်ရှင်ကော၊ အစ်ကိုရော၊ မောင်ရော အကုန်ပါသွားတာ။ အရင်တုန်းကလည်း မကြာခဏ အိမ်တွေကို ယောကျ်ားလေး ဘယ်နှယောက်ရှိသလဲ ဆိုတာကို အိမ်ထောင်စုစာရင်းနဲ့ တိုက်ပြီးတော့ ခဏခဏ လာစစ်ဖူးတယ်။ အခုလာတဲ့အဖွဲ့ အရင်ကအဖွဲ့တွေ မဟုတ်ဘူး အသစ်တွေ။ အဖမ်းခံရပြီးတော့မှ ပြန်လွတ်လာတာ မိန်းကလေးနဲ့ ကလေးတွေကို အဝတ်တွေပဲ ယူခိုင်းတယ်၊ ကျန်တာတွေ ဘာမှမယူရဘူး၊ မြို့ကို ပို့ပေးတယ်။ ရွာကတော့ ဘာမှမဖြစ်ဘူးလို့ ကြားတယ်။ ဗိုလ်တထောင်ဘက်ကိုတော့ မီးရှို့လိုက်ပြီတဲ့၊ AA ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ကို လုပ်တာ။ AA တွေ မရှိဘူးလို့ ပြောတာကိုမရဘူး။ အိမ်က အမျိုးသားတွေနဲ့ အဆက်အသွယ်မရတာ ၈ ရက်ရှိပြီ၊ ဘာအဆက်အသွယ်မှလည်း မရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်တွေမြောက်ဘက် ကံပြင်ရွာသစ်၊ ရွာဟောင်းနဲ့ ဗျိုင်းဖြူရွာတွေမှာ AA အဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းပေးချက်အရ မေ ၂၉ ရက်မှာ ဗျိုင်းဖြူရွာထဲ နယ်မြေလုံခြုံရေးဆောင်ရွက်ဖို့ ဝင်ခဲ့ကြောင်း၊ ရွာသားမဟုတ်တဲ့ လူစိမ်း ၃ ယောက်ကို ခေါ်ယူစစ်ဆေးနေချိန်မှာ စကစတပ်မှ ရဲဘော်ထံက သေနတ်ကို လူယူပြီး ရန်ပြုဖို့ ကြိုးစားတာကြောင့် အဲဒီ ၃ ယောက်ကို သတ်လိုက်ရကြောင်း၊ နောက်ထပ် မသင်္ကာတဲ့ ရွာသား ၂၀ ခန့်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း၊ အမျိုးသမီးတွေကို လိမ်မှုစော်ကားတာ မရှိကြောင်း၊ ၇၀ ကျော် သတ်ဖြတ်မှုလည်း မရှိကြောင်း စစ်ကောင်စီအာဘော် မြဝတီသတင်းဌာနကတဆင့် ပြောကြားခဲ့ပါတယ်။

အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကလည်း မေ ၂၉ ရက်က  စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်တွေ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ တပ်ဖွဲ့ဝင်တွေ၊  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်တွေ အပါအဝင် အင်အား ၁၇၀ ကျော် ပါဝင်တဲ့ စစ်ကြောင်းတကြောင်းဟာ ဗျိုင်းဖြူကျေးရွာကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး ရွာအတွင်းရှိ ကလေး၊ လူကြီးမကျန် တရွာလုံးကို ဖမ်းဆီးခဲ့ကာ လက်ပြန်ကြိုးတုပ် ချည်နှောင်ကာ နေပူလှန်းထားတာ၊ အစာရေစာမပေးဘဲ ထားတာ၊ နှိပ်စက်ညှဉ်းပန်းခဲ့ပြီး ၅၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဇွန် ၂ ရက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရား ဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ ၇၆ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်းနဲ့ ကျူးလွန်သူတွေက စစ်ကောင်စီနဲ့အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်သင်တန်းဆင်း မွတ်ဆလင်တပ်ဖွဲ့ဝင်တွေနဲ့အတူ ၂၀၂၄ ခုနှစ်၊ မေ ၂၉ ရက်မှစတင်ပြီး ၄ ရက်အတွင်း သတ်ဖြတ်ခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ အရပ်သားသေဆုံးသူ ၂၆၈ ဦး၊ ဒဏ်ရာရရှိသူ အယောက် ၆၄၀ ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ ၄၂၅ ဦး ဖမ်းဆီးခံထားရတယ်လို့  လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013