DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာန ၃ ခုအတွက် ဒေါ်လာသန်းရာနှင့်ချီချေးရန် လွှတ်တော်က အတည်ပြု
DVB
·
September 19, 2014
ဝန်ကြီးဌာန ၃ ခုအတွက်  ဒေါ်လာသန်းရာနှင့်ချီချေးရန် လွှတ်တော်က အတည်ပြု
Donate to DVB

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကမ္ဘာ့ဘဏ်၊ ကိုရီးယားသမ္မတနိုင်ငံနဲ့ အီတလီနိုင်ငံ တို့ကနေ အမေရိကန် ဒေါ်လာ ၁၄၅ သန်းနဲ့  ယူရိုငွေ သန်း ၂၀ ချေးယူဖို့ ကိစ္စ  ပြည်ထောင်စု လွှတ်တော် အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

ဒီချေးငွေတွေကို ပို့ဆောင်ရေးဝန်ကြီးဌာနက ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ရထားတွဲနဲ့လမ်းပိုင်းတိုးမြင့်ရေးစတဲ့ လုပ်ငန်းတွေ၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကျေးလက်    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအသုံးပြုဖို့အတွက် ချေးယူမှာလို့သိရပါတယ်။

ငွေချေးယူတာနဲ့ပတ်သက်ပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက “ကြွေးမရှိရင်တော့ အကောင်းဆုံးပဲ။ ကိုယ့်ဟာနဲ့ ကိုယ်သုံးနိုင်ရင် အကောင်းဆုံးပဲ။ သို့သော် မသုံးနိုင်တဲ့အခါမှာ ကြီးပွားနိုင်မယ့်လမ်းစကတော့ ကြွေးကိုယူ၊ အဲဒီကြွေးကို ထိရောက်စွာ ရင်းနှီးမြှုပ်နှံပြီး ချမ်းသာဖို့လုပ်ရမယ်။ နိုင်ငံတနိုင်ငံမှာ ဒီအတိုင်းပဲ။ ကိုယ့်ဟာနဲ့ကိုယ်လုပ်နိုင်ရင်အကောင်းဆုံးပေါ့။ သို့သော်လည်း မလုပ်နိုင်သေးဘူးဆိုရင် လိုအပ်တဲ့ အကြွေးတော့ ယူရမယ်။ ကျနော်တို့ ငယ်ငယ်က ကြွေးယူတာမကောင်းဘူးဆိုတဲ့အသိတရားလေးတွေ ရှိကြတယ်။ သို့သော် အသက်ကြီးလာလို့ စီးပွားရေးတွေ လေ့လာတဲ့အခါကျတော့ စီးပွားရေးအက အကြွေးနဲ့လည်နေတယ်၊ အကြွေးနဲ့လည်မှ စီးပွားရေးက ကြီးထွားလာမယ်။ ကြွေးမကင်းကြဘူးပေါ့။

ငွေချေးယူတဲ့အခါမှာ ဒီငွေတွေကို ပြန်ဆပ်နိုင်စွမ်း ရှိ၊ မရှိနဲ့ ကြွေးကောင်းလား၊ ကြွေးဆိုးလား ဆိုတာကိုတော့ ဆန်းစစ်ပါတယ် လို့လည်းဝန်ကြီးကပြောပါတယ်။

ဝန်ကြီးဌာနတွေအနေနဲ့ ဒီချေးငွေတွေကို ဘယ်လောက် ပွင့်လင်းမြင်သာမှုရှိရှိနဲ့ သုံးစွဲမလဲဆိုတဲ့ မေးခွန်းကိုတော့ ပြည်ခိုင်ဖြိုးပါတီက  ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးက အခုလို  ပြောပါတယ်။

“ချေးငွေတွေကတော့ သူ့ဌာနတွေမှာလည်း စစ်ဆေးရေးအဖွဲ့တွေ ရှိပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး စစ်တာတွေရှိတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စစ်မယ်ဆို ပိုကောင်းတယ်။ ယနေ့ ဒီမိုကရေစီအပြောင်းအလဲမှာ လူတိုင်းလူတိုင်းကတော့ ဒီမိုကရေစီအတွေးနဲ့ တွေးကြတာပေါ့။ ထင်သာမြင်သာဆိုတဲ့ အသုံးအနှုန်းကလည်း သုံးကြတယ်။ ဒီထက်ပိုပြီး စစ်ကြဆေးကြမယ်ဆိုရင်တော့ အဂတိလိုက်စားမှု ပိုလျော့လာမှာပေါ့။ အဓိက အခြေခံက ၀န်ကြီးဌာနအသီးသီးမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ စားဝန်နေရေးဖြစ်ပါတယ်။ ၀န်ငွေနဲ့ထွက်ငွေနဲ့ ကုန်ဈေးနှုန်းနဲ့ချိန်ပြီးတော့ နိုင်ငံတော်အစိုးရက ၀န်ထမ်းတွေကို တဆင့်ပြီးတဆင့် တိုးမြှင့်ပေးမယ်ဆိုရင် ကုန်ဈေးနှုန်းတွေကျအောင် လုပ်ဖို့လည်း လိုတယ်။ ဒီအချိန်မှာ ၀န်ထမ်းတွေရဲ့ဘ၀က အသက် ၆၀ ပြည့်ရင် သူတို့ ဘယ်မှာ နေကြမှာလဲ။ နေရေး အနာဂတ် ဒါတွေလည်း စဉ်းစားပေးဖို့လိုပါတယ်။ ဒါတွေပြည့်စုံရင် ပြောင်းလာလိမ့်မယ်။ အခုပြောနေတာအားလုံးရဲ့ အခြေခံက လူတဦးချင်းရဲ့ ကိုယ်ကျင့်တရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို ပြောင်းလဲဖို့ လိုပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်ပကနေ  ချေးငွေယူတဲ့ကိစ္စအပေါ်မှာ အခုလို  မှတ်ချက်ပေးပါတယ်။

“ချေးငွေဆိုတာက သူ့ရဲ့ တိုးနှုန်း သက်သာတာ၊ မသက်သာတာကိုလည်း ကြည့်ရတာပေါ့။ လုံးလုံး ချေးငွေ မချေးဘူးဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါတွေလည်း မှန်ပါတယ် သူတို့က။ နိုင်ငံရဲ့ အခြေအနေအရ ချေးရမှာပဲ။ ဒါပေမယ့်သူက တန်၏မတန်၏ပေါ့ အဓိကက။ ပြောသွားတဲ့ကိုယ်စားလှယ်တွေထဲမှာ ထောက်ခံသူတွေလည်းရှိတယ်။ ထောက်ခံသူနဲ့လည်း ဒီဟာ ဟိုဟာ ပြုသင့်တယ်ဆိုပြီး ပြောသွားတဲ့သူတွေလည်း ရှိတယ်။ အဲဒါတွေကို သေသေချာချာလေ့လာပြီး လုပ်ရင်ကောင်းမယ်။ ချေးငွေဆပ်ရမယ့် အခြေအနေကတော့ မဆိုးပါဘူး။ လျှော့လျှော့ပေါ့ပေါ့ လုပ်ပေးထားတယ်လို့ ပြောရမှာပေါ့။ ”

ကျန်းမာရေးဝန်ကြီးဌာနက  ကမ္ဘာ့ဘဏ်ကနေ အမေရိကန်  ဒေါ်လာ သန်း ၁၀၀ ချေးယူမယ်အစီ အစဉ်ကို မနေ့ကပဲ  ပြည်ထောင်စု လွှတ်တော်က သဘောတူခဲ့ပြီး  ဒီနေ့လည်း ၀န်ကြီးဌာနတွေရဲ့ ပြည်ပချေးငွေနဲ့ ပတ်သက်ပြီး လွှတ်တော်က ထပ်ပြီးသဘောတူလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိ ပြည်ပ ကြွေးမြီ  စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅ ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013