DVB Logo
Home
နိုင်ငံတကာ
ဖူးကက်တွင် ထိုင်းအမည်ခံ ရုရှားနိုင်ငံသားများ ပိုင်ဆိုင်မှု ဘတ်သန်း ၁၅၀၀ ကျော်သိမ်းဆည်းခံရ
DVB
·
June 4, 2024
ဖူးကက်တွင် ထိုင်းအမည်ခံ ရုရှားနိုင်ငံသားများ ပိုင်ဆိုင်မှု ဘတ်သန်း ၁၅၀၀ ကျော်သိမ်းဆည်းခံရ
Donate to DVB

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ ထိုင်းလူမျိုး အမည်ခံပြီး မြေယာရောင်းဝယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေ ဝင်ရောက်လုပ်နေတဲ့ ရုရှားနိုင်ငံသား ၆၇ ဦးကို အရေးယူထားပြီး ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁၅၀၀ ကျော်ကို သိမ်းဆည်းလိုက်တယ်လို့  ထိုင်းနိုင်ငံ စီးပွားရေးမှုခင်းနှိမ်နင်းရေးဌာနခွဲ (ECSD) က မေ ၃၁ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဖူးကက်ခရိုင်ထဲမှာ နိုင်ငံခြားသား အထူးသဖြင့် ရုရှားနိုင်ငံသားတွေဟာ ထိုင်းလူမျိုးတွေအတွက်သာ ခွင့်ပြုတဲ့လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေပြီး မြေကွက်တွေလည်း အဆမတန် ပေးဝယ်နေတာကြောင့် ဒေသခံတွေ ထိခိုက်နစ်နာကြောင်း တိုင်ကြားချက်ရခဲ့တယ်လို့  ဗဟို စုံစမ်း စစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) ဒုရဲချုပ် ကျီရာဖုပ် ဖူရီးဒေ့ချ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒါကြောင့် လိုအပ်သလို စုံစမ်းထောက်လှမ်းပြီး ဖူးကက်ခရိုင်တွင်းရှိ ကုမ္ပဏီပေါင်း ၁၀၀ ကျော်ကို ဝင်ရောက်စစ်ဆေးတာမှာ အမှုမှာ ပါဝင်ပတ်သက်နေသူပေါင်း ၁၃၅ ဦးကို အမှုဖွင့်ထားပြီး အဲဒီထဲမှာ ရုရှားနိုင်ငံသားက ၆၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ 

အဓိကအကျဆုံးတရားခံမှာ သရီထိပ် ဆိုသူ ထိုင်းအမျိုးသမီးတဦးဖြစ်ပြီး သူမနဲ့တကွ ဆွေမျိုးသားချင်းတွေရဲ့ အမည်နဲ့  ဖွင့်ထားတဲ့ကုမ္ပဏီပေါင်း ၂၇၁ ခုရှိတယ်၊ အစုရှယ်ယာထဲမှာ ရုရှားနိုင်ငံသားတွေ ပါဝင်တယ်၊ ရုရှား ၁ ဦးဟာဆိုရင် လုပ်ငန်းကြီး ၃ ခုမှာ အရေးပါပုဂ္ဂိုလ်ဖြစ်ပြီး လုပ်ငန်းလည်ပတ်ငွေ ဘတ်သန်းပေါင်း ၉၀၀ ရှိတယ်။ အဓိကမှာ အိမ်ခြံမြေရောင်းဝယ်ရေး၊ ကွန်ဒိုတိုက်ခန်းနဲ့ တည်းခိုခန်းလုပ်ငန်းတွေလို့ ဆိုပါတယ်။ 

အဆိုပါ ကုမ္ပဏီ ၂၇၁ ခုမှာ ၁၃၀ ခုသာလျှင် လုပ်ငန်းလည်ပတ်နေတယ်၊ ကျန် ၁၄၁ မှာ ကုမ္ပဏီအမည်နဲ့ စာရွက်စာတမ်းတွေသာရှိပြီး လုပ်ငန်းလည်ပတ်မှုမရှိတဲ့ အယောင်ပြကုမ္ပဏီတွေသာ ဖြစ်ကြောင်း၊ အယောင်ပြကုမ္ပဏီတွေဟာ နိုင်ငံခြားသားတွေ ထိုင်းမှာ ရက်ပေါင်း ရှည်ကြာနေနိုင်ဖို့ ဗီဇာရရှိ‌ရေး၊ အလုပ်သမားမှတ်ပုံတင် ဝေ့ါခ်ပါမစ်ရရေးအတွက်သာ တည်ထောင်ထားတာလို့ တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ဆေးမှုကနေ ဘဏ်ငွေစုစာအုပ်ပေါင်း  ၂၂၅ အုပ်၊ ဘတ်သန်းပေါင်း ၂၀၀ ကျော် တန်ဖိုးရှိ မြေကွက်ပေါင်း ၂၄၅ ကွက်၊ နိုင်ငံကူးလက်မှတ် ၁၉၆ အုပ်၊ ဝေါ့ခ်ပါမစ်စာအုပ် ၁၀၈ အုပ်၊ ကုမ္ပဏီပေါင်းစုံ တံဆိပ်တုံး ၁၆၀၀ တွေ့ရှိတယ်၊ ကုမ္ပဏီရဲ့ သန့်ရှင်းရေး၊ အစောင့်၊ ထမင်းချက် အစရှိ ရာထူးအမျိုးမျိုးနဲ့ ခန့်ထားတဲ့ ဝန်ထမ်းတွေဟာ အမည်ခံဘဏ်စာရင်းဖွင့်ခ ၁ ကြိမ်လျှင် ဘတ် ၃,၀၀၀ ရရှိပြီး နိုင်ငံခြားသားတွေအတွက် ဝေါ့ခ်ပါမစ်နဲ့ ရက်ရှည်ဗီဇာရရေး ဆောင်ရွက်ပေးတဲ့ ပွဲခကတော့ ဘတ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ထိရရှိတယ်လို့ ဆိုပါတယ်။ 

လောလောဆယ် စုစုပေါင်း ဘတ်သန်းပေါင်း ၁၅၀၀ တန်ဖိုးရှိ ကုမ္ပဏီပိုင် အိမ်ခြံမြေ၊ ကွန်ဒို တိုက်ခန်းနဲ့ အခြားပိုင်ဆိုင်မှုတွေ သိမ်းဆည်းထားပြီး ပါဝင်ပတ်သက်သူ ၁၃၅ ဦးကို သက်ဆိုင်ရာရဲစခန်းမှာ လာရောက်သတင်းပို့ဖို့ အကြောင်းကြားထားတယ်။ အဲဒီထဲမှာ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းနဲ့လည်း ပတ်သက်နေသူ ၅ ဦးပါဝင်တယ်လို့  (CIB ) ဒုရဲချုပ်က ပြောပါတယ်။ 

ရုရှား နဲ့ ယူကရိန်း အရေးအခင်းဖြစ်ပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကို ရုရှားနိုင်ငံသား အမြောက်အမြား ဝင်ရောက်လာတယ်၊ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဒီ ၂၀၂၄ ခုနှစ်တွင်း ရုရှားနိုင်ငံသား ၇၆၇၂၁၀ ဦး ဝင်ရောက်လာပြီး မနှစ်ကထက် ၁၂ ဒသမ ၄၃ ရာခိုင်နှုန်းတိုးလာတယ်လို့ benarnew ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: Benar News/ Thai PBS/ PPTV 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013