Home
ရုပ်သံ
သူရဦးတင်ဦး (သို့မဟုတ်) ပြည်သူလွမ်းနေရမယ့် ရှားရှားပါးပါးကာချုပ်ဟောင်း
DVB
·
June 3, 2024
Photo_NLD

တဗိုလ်တက် တဗိုလ်ဆင်း မြန်မာပြည်ရဲ့ စစ်တပ်ခေါင်းဆောင်တွေထဲမှာ အများပြည်သူတွေ ချစ်ခင်လေးစားခံရတဲ့ စစ်ဗိုလ်ချုပ်တွေဟာ လက်ချိုးရေလို့ရပါတယ်။ အဲဒီထဲမှာ အသက် ငယ်ဆုံးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးတဲ့ သူရဦးတင်ဦးတယောက်လည်း ရှားရှားပါးပါး ပါဝင်ပါတယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာပါဝင်ခဲ့ပြီး မြန်မာပြည်ရဲ့ နောက်ဆုံး အာဏာသိမ်းချိန်ထိ ကြုံခဲ့ရတဲ့ သူ့ဘဝစာမျက်နှာတွေကို ကြည့်ရင် မြန်မာ့သမိုင်းစာမျက်နှာတွေနဲ့ပါ တွဲပြီးမြင်ရမှာပါ။

သူရဦးတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ် ၁၂ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှာ ဆယ်တန်းအောင်တဲ့အထိ ပညာ သင်ကြားခဲ့ပြီးနောက် ၁၉၄၃ ခုနှစ်၊ အသက် ၁၆ နှစ်ပြည့်ချိန်မှာတော့ စစ်တပ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။

အဲဒီနောက် အသက် ၁၇ နှစ် အရွယ်မှာ မင်္ဂလာဒုံစစ်သင်တန်းကျောင်းမှာ တတိယပတ် စစ်သင်တန်း ဗိုလ်လောင်းအဖြစ် တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့တာပါ။

၁၉၄၅ ခုနှစ်မှာတော့ မန္တလေးနယ် တိုင်းတပ်မှူး ဗိုလ်မှူးဗထူး ဦးစီးတဲ့ တပ်တွေနဲ့ စစ် မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ်။

တပ်မတော်မှာ အဆင့်ဆင့်တာဝန်ထမ်းဆောင်ရင်း ၁၉၇၄ ခုနှစ်၊ မတ် ၈ ရက်မှာတော့ ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး "တပ်မတော် ကာကွယ်ရေးဦးစီးချုပ်"အဖြစ် တာဝန်ပေးအပ်ခြင်းခံရပါတယ်။ 

တရုတ်ဖြူကျူးကျော်မှုကို တွန်းလှန်ခဲ့သူ၊ မူဂျာဟစ်တွေကို တိုက်ထုတ်ခဲ့သူ၊ သူရဘွဲ့ရရှိခဲ့သူ ပြည်သူချစ်တဲ့ ဗိုလ်ချုပ်ကြီးဟာ ၁၉၇၆ ခုနှစ်မှာတော့ တပ်မတော်ကနေ အနားပေးခံခဲ့ရပြီး စစ်သားဘဝ အဆုံးသတ်ခဲ့ပါတယ်။

အဲဒီနောက် ဗိုလ်ကြီးအုန်းကျော်မြင့်ဦးဆောင်တဲ့ အာဏာသိမ်းဖို့ ကြံစည်တဲ့အမှုကို သတင်းမပို့ဘဲ ထိန်ချန်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ၁၉၇၇ ခုနှစ်မှာ ထောင် ၇ နှစ်ချမှတ်ခံခဲ့ရပြီး ၁၉၈၀ ပြည့်နှစ်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူဟာ ဥပဒေပညာကို လေ့လာခဲ့ပါတယ်။ နိုင်ငံရေးသမားဘဝဖြစ်မလာခင် တက္ကသိုလ်ရိပ်သာလမ်းထဲ မိုးရေထဲ ထီးတချောင်းနဲ့ ကျောင်းတက်ဖို့ လာနေတဲ့ တပ်ချုပ်ဟောင်း သူရ ဦးတင်ဦးကို ပထမဆုံးမြင်ဖူးခဲ့တာလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က DVB ကို ပြောပြပါတယ်။

"သူ့ကို အရင်ဆုံးမြင်ဖူးတာက တက္ကသိုလ်ရိပ်သာလမ်းထဲမှာဗျ။ မိုးရေထဲ တစ်ယောက်တည်း ထီးဆောင်းပြီးတော့ ငိုက်စိုက်ငိုက်စိုက်နဲ့လျှောက်လာတာ။ ဘာလုပ်ဖို့လဲဆိုတော့ ဥပဒေသင်တန်းတခုကိုတက်ဖို့ သူလာနေတာ။ ဒါလွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်ကပါ။ အဲ့တုန်းက ၁၉၈၈ အရေးတော်ပုံ မဖြစ်သေးပါဘူး။ သူ့ကိုတွေ့တဲ့သူတွေကတော့ တအံ့တသြနဲ့ ကြည့်ကြတာလည်း ပါပါတယ်။ စစ်တပ်ရဲ့ ကာချုပ်ဟောင်းတယောက်က အခုလို တကိုယ်တည်း မိုးရေထဲထီးဆောင်းပြီးတော့ သင်တန်းတခုတက်ဖို့သွားနေတယ်ဆိုတာကိုပေါ့။ သူကတော့ သူ့လမ်းသူ ဖြောင့်ဖြောင့်မတ်မတ်ပဲသွားနေတာကို ကျနော်တို့ စတွေ့ခဲ့တာပါ။"

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တပ်မှူးဟောင်းတွေနဲ့အတူ ပါဝင်လာခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာတော့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊  ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ကနေ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်အထိ အမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်ခဲ့ပါတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်အစိုးရတွေလက်ထက် ထောင်နဲ့ နေအိမ်အကျယ်ချုပ်ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။

သူ့ရဲ့ နိုင်ငံရေးသမားဘဝမှာ အတ္တကင်းကင်းနဲ့ အလုပ်ဖြစ်ရေးကို ရှေးရှုခဲ့သူဖြစ်သလို ကျောင်းသားလူငယ်တွေအပေါ် တတ်နိုင်သလောက်စောင့်ရှောက်ပေးခဲ့သူလည်းဖြစ်တယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

"၈၈ ဖြစ်တဲ့အချိန်မှာ မျိုးချစ်တပ်မှူးဟောင်းတွေနဲ့ အဖွဲ့ဖွဲ့တယ်။ ရသလောက်အင်အားစုပြီးတော့ ပြည်သူလူထုဘက်က ပါခဲ့တယ်။ နောက် ပါတီဖွဲ့ကြတယ်။ ခေါင်းဆောင်တယောက်အနေနဲ့ အလုပ်လုပ်တယ်။ ကျနော်တို့နဲ့ ထိတွေ့ဆက်ဆံရတာတွေရှိပါတယ်။ ကျနော်မှတ်မိသမျှ အားလုံးထဲမှာ‌တော့ သူက အတ္တ၊ မာန အင်မတန်ကင်းစင်ပြီးတော့ ကျနော်တို့ တင်ပြတဲ့ အကြောင်းအရာတိုင်းကို အလေးအနက် အမြဲနားထောင်တယ်။ လေးစားမှုနဲ့ အမြဲတုံ့ပြန်ခဲ့တယ်။ ဒီလိုပါပဲ အကျဉ်းအကြပ်ထဲ ရောက်တဲ့အခါမျိုး၊ ရန်သူ့လက်ထဲ ထောင်ထဲမှာ ရောက်နေသည့်အတိုင် သူဟာ လူကြီးတယောက်အနေနဲ့ ငယ်သူတွေကို စောင့်ရှောက်ရမယ် ဆိုတဲ့အသိကို ကျင့်ကြံခဲ့ပါတယ်။ သူနိုင်သမျှ အမြဲတမ်းစောင့်ရှောက်ခဲ့သူတယောက်ပါ။"

သူရဦးတင်ဦးရဲ့ စစ်သားဘဝအခြေအနေတွေကို သေချာမသိပေမဲ့လည်း နိုင်ငံရေးသမားဘဝမှာတော့ ဆွေးနွေးဖြစ်တိုင်း ငြင်းခုံရတာ မရှိခဲ့သလို အမြင်ကွဲပြားတာမျိုးလည်းမရှိခဲ့ဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က  ပြောပါတယ်။

“ကျနော်တို့နဲ့တော့ ထူးထူးခြားခြားကြီး ကွဲပြားတာမျိုးတွေသိပ်မရှိဘူး။ ငြင်းရခုံရတာတွေ သိပ်မရှိခဲ့ဘူး။ ကျနော်တို့ workshopတွေဘာတွေ သူလာတက်ပေးတာရှိတယ်။ ဆွေးနွေးပွဲတွေမှာ သူလာဆွေးနွေးတာတွေရှိတယ်။ သူနဲ့ တခြားနိုင်ငံရေးသမားတွေနဲ့ မတူတဲ့အချက်က ကျနော်တို့နဲ့ သူနဲ့ ပြဿနာတခါမှ မရှိခဲ့ဘူးဆိုတာပဲ။ အဲဒါတော့ ကွဲပြားခြားနားတယ်။"

သူဟာ လူငယ်တွေအပေါ်မှာလည်း ခေါင်းဆောင်လို အဘိုးတယောက်လို စောင့်ရှောက်ခဲ့သူလို့လည်း စာရေးဆရာ ထင်လင်းဦးက ပြောပါတယ်။

"NLDမှာ ဥက္ကဋ္ဌဘဝကတည်းက ကျနော်တို့နဲ့ အတူတူအလုပ်လုပ်ခဲ့ကြတာပေါ့နော်။ အဲ့တော့ ကျနော်တို့က ခေါင်းဆောင်နဲ့ နောက်လိုက်ဆိုတာထက် ပိုပြီးတော့ မြေးအဘိုးလို မျိုးရင်းနှီးခဲ့ကြပါတယ်။ အဲဒီကာလတွေအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာလည်း ဘဘနဲ့အတူ ခရီးတွေသွားပြီးတော့ ဟောခဲ့ပြောခဲ့ကြတာတွေလည်း ရှိတယ်။ အဲဒီအခါမှာ သူရဲ့အကြောင်းတွေကို ပိုပြီးတော့ သိရတာတွေရှိတယ်။ သူက အင်မတန်မှ စိတ်နှလုံးသားကောင်းတယ်၊ ဆက်ဆံရေးကောင်းတယ်။ ကျနော်တို့အပေါ်မှာလည်းပဲ လေးလေးစားစားဆက်ဆံတယ်။ ပြီးတော့ ခေါင်းဆောင်ကောင်းပီသတယ်။ အစစအရာရာမှာ ရှေ့ကနေ ရင်ဆိုင် ဦးဆောင်ပြီးတော့ လမ်းညွှန်မှုတွေပေးခဲ့တယ်။ အဲဒီလိုမျိုး ခေါင်းဆောင်ကောင်းတယောက်ကို ရရှိခဲ့တာပါ။ အခုတော့ ဆုံးရှုံးလိုက်ရပြီပေါ့။”

အမှန်တရားနဲ့ ပြည်သူတွေအတွက် သူစွမ်းသမျှ အကောင်းဆုံး လုပ်ပေးခဲ့သူဖြစ်တာကြောင့်လည်း ပြည်သူလူထုရဲ့ မေတ္တာတရားနဲ့ အားကိုးထောက်ခံမှုကို ရခဲ့တာလို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။

"ပြည်သူတွေလွမ်းနေရမယ့် ကာချုပ်ဟောင်းဆိုတာမျိုးက ရှားရှားပါးပါး သူ့ဆီမှာပဲ တွေ့ဖူးပါတယ်။ဘဝကို မီးစာကုန် ဆီခမ်းတဲ့အထိ တာဝန်ကျေအောင်၊ ကျေသထက်ကျေအောင် ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ပြီးတော့ ထမ်းဆောင်ခဲ့တာအတွက် ကျနော်တို့ အားလုံးက သတိတရ ရှိရုံမက ဂုဏ်ပြုဉီးညွှတ်ရမှာပါ။"

စစ်သားဘဝ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ၊ ကျူးကျော်သူတွေကို တိုက်ထုတ်ခဲ့သူ၊ အသက်အငယ်ဆုံးနဲ့ တပ်ချုပ်ဖြစ်ခဲ့သူ၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ နိုင်ငံရေးသမားဘဝမှာ NLD နာယက အဖြစ် အသက် ၉၀ကျော်တဲ့အထိ သူတည်ထောင်ခဲ့တဲ့ ပါတီအတွက် အလုပ်အကျွေးပြုခဲ့သူ ပြည်သူချစ်တဲ့ သူရဦးတင်ဉီးဟာ အသက် ၉၉ နှစ်အရွယ် ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

ပြည်သူ့ဘက်က ရပ်ခဲ့တဲ့ ရှားပါးတပ်ချုပ်၊ အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့တပ်ချုပ်တဦးအဖြစ် ပြည်သူတွေကတော့ သူ့ကို အမှတ်ရနေကြမှာဖြစ်ပါတယ်။ 

ထက်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024