DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတွင် KTVနှင့် ပြည့်တန်ဆာကိစ္စ ကိုင်တွယ်နိုင်ရန် လုပ်ဆောင်နေ  
DVB
·
June 2, 2024
ကရင်နီဒေသတွင် KTVနှင့် ပြည့်တန်ဆာကိစ္စ ကိုင်တွယ်နိုင်ရန် လုပ်ဆောင်နေ  
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမောဆိုမြို့နယ်အနောက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ KTV တွေမှာ မူးယစ်ဆေး၀ါးတွေနဲ့ ပြည့်တန်ဆာကိစ္စတွေပါ ပါ၀င်လာတဲ့အတွက် ကိုင်တွယ်နိုင်ဖို့ ညှိနှိုင်း လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီးမောဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက KTV တွေ ရှိခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ ထပ်တိုးလာပြီး  ၂၀၂၄ ခုနှစ် မေလအထိကို  KTV ၉ ခုအထိ ရှိလာခဲ့ပါတယ်။

အဆိုပါ KTV တွေမှာ မူးယစ်ဆေး၀ါးနဲ့အပျော်မယ်တွေကိစ္စကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းထိန်းချုပ်သွားဖို့ရှိကာ ဦးစီးလုပ်ကိုင်နေသူတွေကို တော်လှန်ရေးတပ်တွေဘက်က ဖော်ထုတ်အရေးယူသွားမယ်လို့  KNDF ဒုစစ်ဦးစီးချုပ်မာ၀ီက ပြောပါတယ်။

"KTVတွေနဲ့ ပတ်သက်တဲ့ကိစ္စက ကနဦးမှာလည်း ကျနော်တို့ သတိပေးခဲ့တဲ့ကိစ္စတွေ ရှိပါတယ်။ ဒါကို အတင်းလုပ်ပါ မလုပ်ပါနဲ့ဆိုပြီး ဇွတ်အတင်းပြောပိုင်ခွင့်မရှိဘူးပေါ့လေနော်၊ အဲဒီလိုနဲ့ အရင်က နည်းရာကနေ အခု များလာတယ်။ များလာကနေ ဖျော်ဖြေတင်ဆက်မှုတင် မဟုတ်တော့ဘဲ အပျော်မယ်တွေပါလာတဲ့ကိစ္စတွေ ဖြစ်လာတယ်။ တခြားသော မူးယစ်ဆေး၀ါးတွေ ဖြစ်လာတဲ့ကိစ္စတွေ ကြားသိရတယ်။ ပထမဦးဆုံးကတော့ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေကို အရင်ဆုံးကိုင်တွယ်မှာ ဖြစ်တယ်။ အခုလည်း ကျနော်တို့တပ်ဖွဲ့တွေကို ပြောထားတာတွေရှိတယ်ပေါ့လေ။ ဒီလိုမျိုးနေရာတွေကို သွားရောက် ပျော်ပါး သောက်စားတာတွေ မလုပ်ဖို့ပေါ့လေနော်၊ ဒါမျိုးလုပ်မယ်ဆို ကိုယ့်ရဲ့သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကနေ စတင်အရေးယူဆောင်ရွက်တော့မှာ ဖြစ်တယ်ဆိုတာ သတိပေးထားတာတွေ ရှိတယ်ပေါ့။ နောက်တခုက ကျနော်တို့တခြားအဖွဲ့တွေက အဲဒီလိုပေါ့ အသံထွက်တာပေါ့ ဟိုအဖွဲ့က အကြီး(လူကြီး ပိုင်တယ်)၊ ဒီအဖွဲ့က အကြီး(လူကြီး) ပိုင်တယ်ဆိုတာမျိုး ဒီ KTV ပိုင်ဆိုင်မှုတွေကို ပြောလာတာရှိတယ်၊ ဒါကို သေချာစိစစ်ရပါမယ်။ ကျနော်တို့ KNDF မှာတော့ အဲဒီလို လုပ်ပိုင်ခွင့်တွေပေးထားတာ မရှိပါဘူး၊ ဒီလိုမျိုး စီးပွားရေးတွေ လုပ်ခွင့်တွေရထားတာမျိုးတွေလည်း မရှိပါဘူး၊ တချို့ကတော့ စပ်တူတွေ လုပ်တာမျိုးတွေ ကြားသိရတယ်။ ကျနော်တို့အနေနဲ့တော့ လူထုကို မထိခိုက်စေမဲ့ ရပ်ရွာတွေရိုးရာကို မထိခိုက်စေမဲ့ ထိန်းကျောင်းမှုမျိုးတွေကို လုပ်ကိုင်သွားမယ်။"

အာဏာသိမ်းပြီးနောက်ပိုင်းက စတင်ပြီး KTV တွေက ခေတ်ထလာခဲ့ပေမဲ့ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာတော့ စာသင်ကျောင်း၊ ရပ်ရွာ၊ စစ်ရှောင်စခန်း၊ ရဲဘော်စခန်းအနီး ၀န်းကျင်တွေအထိပါ တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး ဒေသတွင်းမှာ လူမှုရေးပြဿနာတွေ ကလေးသူငယ်​တွေ အတုယူမှားစေနိုင်တဲ့အထိ ဖြစ်လာနေတာပါ။

ဒီးမောဆိုမြို့ခံအမျိုးသမီးတဦးက “ဒီ KTV တွေက ၁၁၁၁ တိုက်ပွဲစအပြီးမှာ ပိုပြီးတွင်ကျယ်လာတာ။ သူတို့တည်ဆောက်တဲ့နေရာတွေကလဲ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ရဲဘော်စခန်း နောက်ပြီး စစ်ရှောင်စခန်းတွေ ပြည်သူလူထုကြားတွေအထိ အုတ်နဲ့ ခိုင်ခိုင်မာမာ အုတ်မြစ်ချပြီး ဆောက်ထားတာတွေ ရှိတယ်။ နောက်ပိုင်း ဆိုင်ဖွင့်ပုံကလည်း တမျိုးလေး ဖြစ်လာတယ်။ အပျော်မယ်တွေပါခေါ်ထည့်လာတယ်။ အရင်တုန်းက သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့သွားလို့ရတယ်။ နောက်ပိုင်းကျတော့ အပျော်မယ်တွေချည်းပဲ ဖြစ်လာတာ။ ကောလာဟလဆိုတာထက် သတင်းတချို့ရတာဆိုရင် သွားကြတယ်၊ လာကြတယ်၊ မိသားစုနဲ့ ပြဿနာတက်ကြတယ်။ အိမ်ကမိန်းမနဲ့ ကလေးကိုထားခဲ့ပြီး သွားကြတဲ့ ယောကျ်ားတွေရှိတယ်။ ဒါကဘာဖြစ်လို့လဲဆို ပြည်သူတွေကြားဖွင့်ထားလို့ပဲ။ အရင်ကစိတ်ဖြေဖျောက်ဖို့ဖြစ်ပေမဲ့ နောက်ပိုင်းမှာ မူးယစ်ဆေး၀ါးတွေပါထည့်လာတယ်။ ဒါတွေက လူတွေကို ဘိန်းစွဲသလိုစွဲစေတယ်။ သူတို့တွေရဲ့အသိဉာဏ်ကို ကင်းစေတယ်။ အဲ့နေရာမှာပဲမူးယစ်စေတယ်။ အဲ့တော့ အဘက်ဘက်မှာ ရှုံးနိမ့်သွားပြီးမှ ဒီဘက်မှာပဲနစ်မြှုပ်သွားတော့ အရာရာအားလုံး မှာ အခက်အခဲဖြစ်စေပါတယ်”လို့ ပြောပါတယ်။

ပြည်သူလူထုနဲ့တော်လှန်ရေးရဲဘော်တွေကြားမှာ ဝေမှုမြင့်တက်နေတဲ့ KTV တွေကအရင် ကတည်းက ရှိခဲ့တာ ဖြစ်ပြီး IECနဲ့ တော်လှန်ရေး တပ်ခေါင်းဆောင် ပိုင်ဆိုင်တာ လုံး၀မဟုတ်တဲ့အပြင် IEC အနေနဲ့ စီးပွားရေးအရဖြစ်စေ၊ ပိုင်ဆိုင်မှုအရဖြစ်စေ KTVတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ IEC အတွင်းရေးမှူး ဗညားခွန်အောင်က DVB ကို ပြောပါတယ်။

ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေက အဖွဲ့အစည်းအကာ အကွယ်ယူပြီး ဖွင့်လှစ်ထားတာတွေဖြစ်နိုင်ပေမဲ့ လတ်တလောမှာ KTV တွေမှာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေး၀ါးနဲ့ ပြည့်တန်ဆာကိစ္စတွေကိုထိန်းချုပ်နိုင်ဖို့ မြို့နယ်ဖွဲ့ဖို့ကြိုးစားနေတယ်လို့ ကိုဗညားခွန်အောင်က ပြောပါတယ်။

“ကျနော်တို့ကဒါကို ဘာလုပ်နိုင်မလဲဆိုတာသိဖို့လိုအပ်တာပေါ့နော်၊ IEC က ဖွဲ့စည်းတာ တနှစ် မပြည့်သေးဘူး။ နောက်ပြီးတော့မှ ရှိရင်းစွဲလက်နက်ကိုင်အဖွဲ့အစည်းတွေက သူ့ဒေသမှာအုပ်ချုပ် နေတာအစကတည်းက ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ဘာလုပ်နိုင်လဲဆိုတော့ မြို့နယ်တွေဖွဲ့နေတယ်၊ ဒီးမောဆိုအနောက်ခြမ်းက လက်ရှိဖြစ်နေတဲ့ KTV တွေရှိတဲ့နေရာ အဲ့နေရာတွေမှာ လောလောဆယ်မြို့နယ် မဖွဲ့နိုင်သေးဘူးပေါ့၊ IECအနေနဲ့ မြို့နယ်အုပ်ချုပ်ရေးတွေလုပ်ဖို့ ကြိုးစားနေတယ်။ ဒါကိုလည်း အုပ်ချုပ်ရေးသဘောကို နားလည် တဲ့သူဆိုသိပါတယ်။ ထိန်းချုပ်ဖို့က ဥပဒေတွေ နည်းဉပဒေတွေ လိုအပ်တယ်၊ အဲ့ တာတွေဘာမှမရှိသေးတဲ့အတွက်တော့ ထိန်းချုပ်ဖို့ အခက်အခဲတွေရှိနေတယ်။”

KTVတွေက စာသင်နေတဲ့ကလေးငယ်တွေအတွက် အနှောင့်အယှက်ဖြစ်စေတဲ့အပြင် တော်လှန်ရေးကိုပါ လမ်းကြောင်းပြောင်းစေနိုင်တာကြောင့် တော်လှန်ရေးဦးတည်ချက်ပြောင်း သွားမှာတွေနဲ့ ငွေကြေးပြဿနာတွေကြောင့် ခိုး၊ ဆိုး၊ လု၊ နှိုက် ဓားပြတိုက်တာတွေ အထိပါ ဖြစ်လာနိုင်ပြီး ဒါတွေမဖြစ်လာဖို့ကိုလည်း သက်ဆိုင်ရာက ထိန်းချုပ်ပေးဖို့ ဒေသခံတွေ ပြော ပါတယ်။

မူးယစ်ဆေး၀ါးတွေကို စစ်​ကောင်စီက ရည်ရွယ်ချက်ရှိရှိ တင်သွင်းနေတာတွေရှိနေပြီး တော်လှန်ရေးတပ်တွေက တပ်ခေါင်းဆောင်တချို့ ပါ၀င်ပတ်သက်နေတယ်လို့ သတင်းထွက်နေလို့  ဒါကိုစိစစ်ဖော်ထုတ်သွာဖို့ လုပ်သွားမယ့်အပြင် KNDF အနေနဲ့ တပ်တွင်းမှာရော အရပ်ဒေသမှာပါ မူးယစ်ဆေး၀ါးကို လုံး၀တားမြစ်ထားပြီး စစ်ဆေးမှုတွေကို နည်းလမ်းကျတဲ့ မဟာဗျူဟာတွေအသုံးချသွားမယ်လို့ မာ၀ီက ပြောပါတယ်။

ကရင်နီဒေသမှာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေ ၂၁ ရက်က စတင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒီးမောဆို၊ ဖရူဆို၊ နန်းမယ်ခုံ၊ ၆ မိုင်၊ ပန်ကန်းစတဲ့နေရာတွေမှာ ဒေသခံ ၃ သိန်း ဝန်းကျင်ဟာ စစ်ဘေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင် ၁ သိန်းလောက် ဒီးမောဆိုမှာ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013