DVB Logo
Home
အားကစား
ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများအပေါ်  လေ့လာသုံးသပ်ချက်
DVB
·
June 1, 2024
ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများအပေါ်  လေ့လာသုံးသပ်ချက်
Donate to DVB

အိမ်ရှင်ဂျာမနီပါဝင်တဲ့အုပ်စု A

အုပ်စု A မှာ အိမ်ရှင်ဂျာမနီအသင်းက စကော့တလန်၊ ဟန်ဂေရီ၊ ဆွစ်ဇာလန်အသင်းတွေပါဝင်ပါ တယ်။  အိမ်ရှင်အသင်းဖြစ်လို့ ခြေစစ်ပွဲဝင်စရာမလိုခဲ့တဲ့ ဂျာမနီအသင်းဟာ ဥရောပချန်ပီယံ သုံးကြိမ်ရရှိထားပြီး စပိန်အသင်းနဲ့အတူ ဥရောပချန်ပီယံဆုဖလားအများဆုံးရရှိထားတာပါ။

ဒါပေမဲ့ နောက်ဆုံးချန်ပီယံ ဖြစ်ခဲ့တာက ၁၉၉၆ ခုနှစ်မှာ ဖြစ်တဲ့အတွက်  ယူရိုဆုဖလားနဲ့ ဝေးကွာနေတာ ၂၈ နှစ်ရှိပါပြီ။ ခရူးစ်၊ ဂွမ်ဒိုဂမ်၊ ကင်မစ်ချ်၊ ဖလော်ရီယန်ဝစ်ဇ်၊ မူဆီယာလာ အစရှိတဲ့ ဂျာမနီကွင်းလယ်ပိုင်းက အားအကောင်းဆုံးဖြစ်ပေမဲ့ ကိုင်ဟာဗက်ဇ်၊ ဖူခရတ်ဂ်တို့ရဲ့ တိုက်စစ်ပိုင်းကတော့ စောင့်ကြည့်သွားရမှာပါ။ ပြီးခဲ့တဲ့အဓိက ပြိုင်ပွဲတွေမှာရုန်းကန်ခဲ့ရတဲ့ ဂျာမနီအသင်းဟာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမဲ့ အခု နှစ်ပြိုင်ပွဲမှာတော့ ချန်ပီယံဖြစ်ဖို့ရေပန်းစားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဟော့်ဖမ်ဟိမ်၊ လိုက်ပ်ဇစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို တာဝန်ယူခဲ့တဲ့ နည်းပြနာဂယ်စ်မန်းက ကိုင်တွယ်နေပြီး အိမ်ရှင်ပရိသတ်တွေရှေ့မှောက်မှာ ရလဒ်ကောင်းရယူနိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

ဟန်ဂေရီ

ခြေစစ်ပွဲအဆင့်မှာရှုံးပွဲလုံးဝမရှိဘဲ ခြေစွမ်းပြခဲ့တဲ့ ဟန်ဂေရီအသင်းဟာ ၅ ပွဲနိုင်၊ ၃ ပွဲသရေ ရလဒ်နဲ့ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲအောင်မြင်လာခဲ့တာပါ။ ယူရိုပြိုင်ပွဲကို ၃ ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပြီး ၄ ကြိမ်မြောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်နဲ့ ဂျာမနီကို သရေကစားနိုင်ခဲ့ပြီး ပေါ်တူဂီကိုရှုံးနိမ့်ခဲ့လို့သာ အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်ခဲ့ရတာပါ။ နည်းပြချုပ်အဖြစ်  အီတလီ-ဟန်ဂေရီဖွား မာကိုရော့ဆီက ၂၀၁၈ ခုနှစ်ကတည်းက တာဝန်ယူလာခဲ့တာဖြစ်ပြီး အသင်းလိုက်စုစည်းမှုနဲ့ အတူ မာကျောတဲ့အသင်းတသင်းအဖြစ် တည်ဆောက်နိုင်ခဲ့ ပါတယ်။ လီဗာပူးကွင်းလယ်လူ ဆော့ဘိုဆလိုင်းနဲ့  ဖရိုင်းဘက်တိုက်စစ်မှူးရိုလန်ဆလိုင်းတို့ ဦးဆောင်မယ့် ဟန်ဂေရီအသင်းဟာ အုပ်စုတက်ဖို့ ဆွစ်ဇာလန်နဲ့ အဓိကယှဉ်ပြိုင်သွားရဖို့ရှိပါတယ်။

စကော့တလန်

စကော့တလန်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ ၈ ပွဲကစား ၅ ပွဲနိုင် ၂ ပွဲသရေ၊ ၁ ပွဲသာရှုံးပြီး အုပ်စုဒုတိယနဲ့ခြေစစ်ပွဲအောင်မြင်လာခဲ့တာပါ။ ယူရိုပြိုင်ပွဲကို လေးကြိမ် မြောက်ယှဉ်ပြိုင်ခွင့်ရ တာဖြစ်ပြီး ပြီးခဲ့တဲ့သုံးကြိမ်စလုံးမှာတော့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ နည်းပြအဖြစ် စကော့လူမျိုးနည်းပြ စတိကလက်ခ်က ၂၀၁၉ ခုနှစ်ကတည်းက စတင်တာ ဝန်ယူခဲ့ပြီး ယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက်တိုက်ယှဉ်ပြိုင်ခွင့်ရရှိအောင် စွမ်းဆောင်ပြထားတာပါ။ ကွင်းလယ်ကစားသမား တွန်မီနေးကအသင်း ရဲ့တိုက်စစ်ကို တာဝန်ယူနေရပြီး အိမ်ရှင်အသင်းအပြင် ဆွစ်ဇာလန်နဲ့ ဟန်ဂေရီတို့ ပါဝင်နေတဲ့ အုပ်စုမှာ ရလဒ်ကောင်းရဖို့ ခက်ခဲနိုင်ပါတယ်။

ဆွစ်ဇာလန်

ခြေစစ်ပွဲအဆင့်မှာ ထင်သလောက်ရလဒ်မကောင်းခဲ့ပေမဲ့ အုပ်စုဒုတိယနေရာကနေ ခြေစစ်ပွဲအောင်လာတဲ့ ဆွစ်ဇာလန်အသင်းဟာ နောက်ဆုံး ၆ ကြိမ်မှာ ၅ ကြိမ်အထိ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ၂၀၂၀ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိတက်လှမ်းနိုင်ခဲ့ပေမဲ့ ကစားသမားဟောင်းတွေအများစုပဲ ပြန်ပါလာမယ့် ဆွစ်ဇာလန်အသင်းဟာ လူငယ်သွေးသစ်တွေနဲ့ အစားထိုးနိုင်ဖို့တော့လိုအပ်နေပါတယ်။ နည်းပြချုပ်အဖြစ်  မူရတ်ယာကင်က  ၂၀၂၁ ခုနှစ်ကတည်းက တာဝန်ယူလာခဲ့ပြီး ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်အဆင့်တွေအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဂိုး၊ ခံစစ်နဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေအများကြီးရှိပေမဲ့ တိုက်စစ်ပိုင်းကတော့ ဆွစ်ဇာလန်ရဲ့ ထုံးစံအတိုင်း အားနည်းချက်တွေရှိနေဦးမှာပါ။ အုပ်စုတက်ဖို့အတွက် ဟန်ဂေရီနဲ့ အဓိကယှဉ်ပြိုင် သွားရဖို့ရှိပြီး အုပ်စုဒုတိယမရရင်တောင် အကောင်းဆုံးအုပ်စုတတိယ ၄ သင်းစာရင်းဝင်ပြီး နောက် တဆင့်တက်နိုင်မယ့် မျှော်လင့်ချက်လည်း ရှိနေပါတယ်။

Photo-Reuters/FIFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013