DVB Logo
Home
မြန်မာသတင်း
မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်း၊ ငွေဖောင်းပွမှု ၃၅ ရာခိုင်နှုန်းထိ ရှိနိုင်
DVB
·
May 29, 2024
မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်း၊ ငွေဖောင်းပွမှု ၃၅ ရာခိုင်နှုန်းထိ ရှိနိုင်
Donate to DVB

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်လာပြီး  မြန်မာငွေကြေးတန်ဖိုး ကျဆင်းနေကာ ကုန်စည်ဈေးနှုန်းတွေလည်း  မြင့်တက်နေပါတယ်။

ငွေကြေးဖောင်းပွမှုတွေက ၃၅ ရာခိုင်နှုန်းထိ ရှိနေပြီး ဆက်လက်တိုးနေဦးမယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျဆင်းသလို စစ်ကောင်စီရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ စစ်အသုံးစရိတ်မလုံလောက်လို့ ငွေကြေးထင်သလို ရိုက်နှိပ် ထုတ်ဝေတာတွေကြောင့်  မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာတာပါ။

အခု ၂၀၂၄ မေလ နောက်ဆုံးပတ်မှာတော့ နိုင်ငံခြားငွေကြေးလဲလှယ်မှုတန်ဖိုးနဲ့ ရွှေဈေးတို့က စံချိန်တင် မြင့်လာတာက ငွေကြေးဖောင်းပွမှု ၃၅ ရာခိုင်နှုန်းအထိ ရှိနေတာကြောင့် ဖြစ်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခ ဒေါက်တာမင်းမင်းသော်က ပြောပါတယ်။

“မတရားအာဏာသိမ်းမှုရဲ့ bad consequences (နောက်ဆက်တွဲ ဆိုးကျိုး) တွေပေါ့။ ဒီ supply (ရောင်းလိုအား)က နည်းလာပြီးတော့ ပြည်သူလူထုစားဖို့ သောက်ဖို့ကတော့ လိုအပ်နေတုန်းပဲဆိုတော့ ဒီ supply နဲ့ demand မညီမျှမှုကြောင့်မို့လို့ ကုန်ဈေးနှုန်းတွေ ထပ်ပြီး တိုးတက်လာတာပေါ့။ အဲဲဒါက နံပါတ်တစ်၊ နံပါတ် ၂ ကတော့ စစ်အာဏာရှင်က သူတို့ရဲ့ လက်နက်တွေဝယ်ဖို့ ပိုက်ဆံတွေလိုတယ်။ စစ်နဲ့ပတ်သက်ပြီး အသုံးစရိတ်တွေ ပိုလိုအပ်လာတယ်။ ဒီလိုအချိန်မှာ ဒီတိုင်းပြည်ရဲ့ Revenue (ဝင်ငွေ) က  ကျဆင်းတဲ့အချိန်မှာ military spending (စစ်အသုံးစရိတ်) ကို ပိုပိုပြီး မြှင့်တင်ထားရတော့ မြန်မာကျပ်ကို ပိုပြီး လိုအပ်လာတယ်။ လိုအပ်လာတော့ မရှိတော့ သူတို့က print (ရိုက်နှိပ်ထုတ်) ရတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ ငွေကြေးဖောင်းပွမှုက ကြီးထွား ပိုဆိုးလာတာပေါ့။” 

ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက်မှာ supply chain disruption (ရောင်းလိုအားကွင်းဆက် ပြတ်တောက်မှု)၊ လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်ပိုမိုမြင့်တက်လာမှု၊ အကျင့်ပျက်လာဘ်စားမှုတွေ များလာတဲ့အတွက် ကုန်စည်နဲ့ ဝန်ဆောင်မှုသယ်ယူစရိတ်တွေက ပိုမြင့်တက်လာကာ မြန်မာပြည်ရဲ့ ကုန်ဈေးနှုန်းတွေ အများမြင့်တက်သွားတယ်လို့ဆိုပါတယ်။

၂၀၂၃ မေလကနေ ဒီနှစ်မေလအထိ ကာလမှာ ငွေကြေးဖောင်းပွမှုနှုန်း ၃၅ ရာခိုင်နှုန်း ဝန်းကျင် ရှိတယ်လို့  ပါမောက္ခ ဒေါက်တာမင်းမင်းသော်က ပြောပါတယ်။

ငွေကြေးတန်ဖိုး မတည်ငြိမ်တာကို ထိန်းချုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တရားမဝင် နိုင်ငံခြားငွေတွေ ရောင်းဝယ်ပြီး ငွေဈေးကစားနေသူတွေကို အရေးယူ ဆောင်ရွက်သွားမယ်လို့ မေ ၂၆ ရက်မှာ သတိပေး ထုတ်ပြန်ထားပါသေးတယ်။

ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ မဟုတ်ဘဲ ပြင်ပပေါက်ဈေးတွေအတိုင်း‌ လဲလှယ်နေတဲ့ AD လိုင်စင်ရ ငွေလဲလုပ်ငန်းတွေနဲ့ တရားမဝင် ငွေလဲလုပ်ငန်းတွေကိုလည်း အရေးယူသွားဖို့ ပြောဆိုထားပါသေးတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်တွေကြောင့် ငွေကြေးတန်ဖိုး မတည်ငြိမ်တာတွေက ပိုဆိုးလာနိုင်တယ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ငွေကြေးတန်ဖိုး သတ်မှတ်တယ် ဆိုတာကလည်း တကယ်တမ်းက supply and demand ပေါ် မူတည်တာပေါ့။ ဗဟိုဘဏ်သတ်မှတ်တဲ့ဈေးဆိုတာ စာရွက်ပေါ်မှာပဲ ရှိတဲ့ဈေးပေါ့။ တကယ်တမ်း လိုအပ်ချက်က အရမ်းများနေတဲ့အခါကျတော့ အပြင်တွေမှာ လဲတယ်၊ ဝယ်ယူရတာပေါ့ export import လုပ်နေတဲ့သူတွေက။ ဗဟိုဘဏ် သတ်မှတ်ထားတဲ့ ဈေးအတိုင်း မရောင်းလို့ ဒီ money changer တွေကို ဖမ်းနေတာက သူတို့ဖမ်းလေ ပိုဆိုးလာလေဖြစ်မှာ၊ ဆရာတွေပြောတာဆိုရင် တဒေါ်လာကို ကျပ် ၈,၀၀၀ လောက်ထိတောင် နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်လို့ ပြောတယ်။”

ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တဦးကလည်း တကယ်တမ်း အပြင်မှာ ဖမ်းဆီးနေတာမရှိဘဲ ဟန်ပြလုပ်ဆောင်နေတာဖြစ်ပြီး တကယ်လုပ်ကိုင်နေသူတွေက စစ်ကောင်စီနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ တရားမဝင် ငွေလဲလုပ်ငန်း ၁၆ ခုကို ဖမ်းဆီးအရေးယူထားပြီး ဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းက မေ ၂၈ ရက်မှာ တဒေါ်လာကို ၂,၁၀၀ ကျပ်ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်တွေမှာတော့ ကျပ် ၃,၃၀၀ ဝန်းကျင်ရှိနေတာ ဖြစ်ပါတယ်။ 

ပြင်ပဒေါ်လာဈေးကွက်မှာတော့ မေ ၂၉ ရက် နေ့လယ်ပိုင်းအထိ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၄,၄၉၈ ကျပ်ဝန်းကျင် ရှိနေပြီး ထိုင်းငွေ တဘတ်ကို မြန်မာငွေ ၁၂၅ ကျပ်ထိ စံချိန်တင် မြင့်တက်လာပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013