DVB Logo
Home
မြန်မာသတင်း
မံစီတွင် တိုက်ပွဲပြင်းထန်၊ ဝိုင်းမော် ခမရ ၅၈ တပ်စခန်း ကာကင်းတခုကို KIA သိမ်းပိုက်
DVB
·
May 29, 2024
မံစီတွင် တိုက်ပွဲပြင်းထန်၊ ဝိုင်းမော် ခမရ ၅၈ တပ်စခန်း ကာကင်းတခုကို KIA သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ မံစီမြို့နားက စစ်ကောင်စီ ခမရ ၃၁၉ နဲ့ ၆၀၁ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မေ ၂၆ ရက်က ပြန်လည်တိုက်ခိုက်နေပြီး နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မံစီမြို့ခံတဦးက ပြောပါတယ်။

မေ ၂၆ ရက်ကစပြီး နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး ခမရ ၃၁၉ ရဲ့ ကာကင်းစခန်းတွေကို KIA က သိမ်းပိုက်ရရှိထားသလို သုံးရက်တာ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နည်းပါးတယ်လို့ ပြောပါတယ်။

“၂၆ ရက်က ပြန်ပြီးတိုက်ခိုက်တယ်လို့ ပြောရမယ်။ မေ ၂၈  အထိ သုံးရက်ဆက်တိုက် ဖြစ်နေတယ်။ ဗန်းမော်တပ်(စကစ)ကကော လက်နက်ကြီးတွေနဲ့ တနေကုန် ပစ်နေတယ်၊ မေ ၂၈  ညနေပိုင်း ၆ နာရီဝန်းကျင်လောက်ကစပြီး ဂျက်လေယာဉ်နဲ့ကော Y-12 နဲ့ကော လာပစ်တာရှိတယ်၊ အရင် နှစ်ရက်ကတော့ လေယာဉ်နဲ့လာပစ်တာ မရှိဘူး၊ အခုရက်ပိုင်း လေယာဉ်လာတာ နည်းတယ်” လို့ မံစီမြို့ခံက ပြောပါတယ်။

စစ်တပ်က လေကြောင်းပစ်ကူ နည်းပါးပေမဲ့ ဗန်းမော်မြို့ပေါ်က စကခ ၂၁ အပါအဝင် မြို့ပေါ်တပ်စခန်းတွေကနေ နေ့စဉ် အဆက်မပြတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။

ဗန်းမော်မြို့ပေါ်ကနေ ကချင်လွတ်လပ်ရေးတပ်မတော်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ မံစီမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် ပြုလုပ်နေတာကြောင့် KIA ကလည်း မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးနဲ့ တန်ပြန်ပစ်ခတ်တာတွေ ရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်က တိုက်ခိုက်နေတဲ့ ခမရ ၃၁၉ နဲ့ ၆၀၁ တပ်စခန်းတွေဟာ တပ်စခန်းတခုနဲ့ တခု ဆက်နေပြီး အကျယ်အဝန်း ဧက ၆၀၀ ကျော်ရှိတယ်လို့ မံစီမြို့ခံတွေကနေ သိရပါတယ်။

မိုးမောက်မြို့ အနီးက ခမရ ၄၃၇ တပ်စခန်း ပတ်ဝန်းကျင်မှာလည်း ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ မိုးမောက်မြို့ကနေ တောတောင်တွေမှာ တိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

ဝိုင်းမော်မြို့အနီးက ခမရ ၅၈ တပ်စခန်း ကာကင်းတခုကိုလည်း မေ ၂၈ ရက် မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်က သိမ်းပိုက်ရရှိထားပြီး ခလရ ၅၈ တပ်စခန်းကို တိုက်ခိုက် နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် နောင်စီပေါကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စခန်းထိုင်တဲ့ ကာကင်းစခန်းကို သိမ်းပိုက်ခဲ့တာလို့ KIA နဲ့ နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။

“အဲဒီ ကာကင်းစခန်းက အရင်က ပြည်သူ့စစ်အဖွဲ့တွေ ထိုင်တာ။ နောက်ပိုင်း စစ်တပ်နဲ့ ပြည်သူ့စစ် တွဲထိုင်တယ်။ မနက် ၈ နာရီလောက်က KIA အဖွဲ့ တက်လာတော့ ကင်းစခန်းထားပြီး ထွက်ပြေးသွားကြတယ်။ အဲဒီစခန်းကို လွယ်လွယ်လေး သိမ်းနိုင်လိုက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စခန်းစွန့်ခွာ ထွက်ပြေးခဲ့တဲ့အတွက် KIA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ မေ ၂၀ ရက်က စစ်ကောင်စီရဲ့ ကဇူးတပ်စခန်းနဲ့ မေ ၂၁ ရက် ညပိုင်းမှာ ခြေမြန်တပ်ရင်းတခုဖြစ်တဲ့ ခမရ ၃၂၁ တပ်ရင်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်က တိုက်ခိုက်နေတဲ့ မံစီမြို့အနီးက ခမရ ၃၁၉၊ ၆၀၁ နဲ့ မိုးမောက်မြို့အနီးက ခမရ ၄၃၇ နဲ့ ဝိုင်းမော် ခလရ ၅၈  တပ်ရင်းစခန်းတွေသာ ကျန်ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013