DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ချေးမည်
DVB
·
September 19, 2014
ကျန်းမာရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ချေးမည်
Donate to DVB

ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ချေးယူမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

လူတိုင်းကျန်းမာရေး စောင့်ရှောက်မှု ရရှိစေနိုင်မယ့် လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက်ဆိုပြီး ဒေါ်လာ သန်း ၁၀၀ ကို ၃၈ နှစ်ကြာချေးယူမှာ ဖြစ်ပါတယ်။

[caption id="attachment_63533" align="alignright" width="300"]ရန်ကုန် ပြည်သူ့ဆေးရုံကြီး (ဓာတ်ပုံ - http://missionrestore.org)  ပြည်သူ့ဆေးရုံကြီး (ဓာတ်ပုံ - http://missionrestore.org)[/caption]

နိုင်ငံတော် သမ္မတက ပေးပို့ထားတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၆ ယောက်က ဆွေးနွေးခဲ့ကြပြီး ဇမ္ဗူသီရိမြို့နယ် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အခုလို ဆွေးနွေး ထောက်ခံပါတယ်။

“ထုတ်ယူတဲ့ ငွေပမာဏနဲ့ ပေးရန်ကျန်တဲ့ ငွေပမာဏအပေါ်မှာ ပေးရမလားဆိုတော့ ကျမတို့က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ၁ ကြိမ်ထဲမှာ ထုတ်ယူတယ်ဆိုရင် အဲဒီနှစ်အတွက် ၀.၇၅ ရာခိုင်နှုန်းနဲ့ အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ ၅ သိန်း ပေးဆောင်ရတော့ မှာပါ။ ဆိုင်းငံ့ကာလ ၆ နှစ်အတွင်း အရင်းကို မပေးသွင်းတဲ့အတွက် ချေးငွေကိုတော့ အမေရိကန် ဒေါ်လာ သန်း ၂၀၀ အပေါ် ၀န်ဆောင်ခ ၁ နှစ်ကို ဒေါ်လာ ၁ သန်းခွဲစီ ပေးဆောင်ရမှာပါမှာ။ သို့ပါသော်လည်း ယခု ကမ္ဘာ့ဘဏ် ချေးငွေနဲ့ ဆောင်ရွက်ရန် ဖော်ပြထားတဲ့ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ စီမံကိန်းအဆင့်ဆင့်ဟာ အမှန်တကယ် လက်တွေ့ဆောင်ရွက် နိုင်မယ်ဆိုရင်တော့ နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိမယ့် စီမံကိန်းဖြစ်လို့ ထောက်ခံ နိုင်ပါတယ်။”

တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ် အလုပ်လုပ်နေတဲ့ ၀န်ကြီးဌာနတွေ အနေနဲ့ ပခုံးပြောင်း တာဝန်လွှဲအပ်ရမယ့် အချိန်မှာ သုံးစွဲထားတဲ့ ချေးငွေတွေနဲ့ ပတ်သက်ပြီး စစ်ဆေးခံဖို့ ၀န်မလေးပဲ စစ်ဆေးခံယူဖို့ အသင့် ရှိနေဖို့ လိုတယ်လို့လည်း ဒေါ်စန္ဒာမင်းကဆက်ပြောပါတယ်။

ဗဟန်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဝင့်ကတော့ များပြားတဲ့ ချေးငွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရလို့ လွှတ်တော်မှာ တာဝန်ရှိပြီး လုပ်ငန်း ဆောင်ရွက်ချက်တွေကို ၀န်ကြီးကို တင်ပြတဲ့အခါ ပြည်ထောင်စုလွှတ်တော်ကိုလည်း တင်ပြပေးဖို့ အကြံပေးပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာနကတော့ ချေးငွေတွေကို ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု၊ မိခင်နဲ့ ကလေး၊ မွေးကင်းစကလေး စောင့်ရှောက်မှုနဲ့ ကျန်းမာရေးစနစ် ပိုခိုင်မာလာအောင်လုပ်ဖို့ ရည်ရွယ်တယ်လို့ တင်ပြထားပါတယ်။

ဒီအတွက်အခြေခံ အရေးပေါ် ကလေးမွေးဖွားတာနဲ့ မွေးကင်းစကလေးစောင့်ရှောက်တဲ့ သင်တန်းတွေ ပေးဖို့၊ နိုင်ငံခြား ပညာတော်သင်လွှတ်ဖို့နဲ့ မိခင်နဲ့ ကလေးစောင့်ရှောက်မှုတွေမှာ သုံးစွဲသွားမယ်လို့ ၀န်ကြီးဌာနက တင်ပြထားပါတယ်။

ချေးငွေ ဒေါ်လာ သန်း ၁၀၀ ကို တစ်နှစ်မှာ ၂၃ သန်း စီ ရရှိမယ်လို့လည်း သိရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ချေးငွေ ရယူပြီး ဆောင်ရွက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ မြို့ထက်စာရင် နယ်စွန်နယ်ဖျားလူတွေက ပိုလိုပါတယ်။ ဒါတွေကိုလည်း အစိုးရ စီမံခန့်ခွဲတဲ့သူတွေက သိမှာပါ။ သိတဲ့အခါမှာ ဘယ်နယ်တွေကို အလေးထားလုပ်ဆောင်မယ်ဆိုတာကို သိတဲ့အပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်ဖို့ပဲ လိုတာပေါ့နော်။ အကြံပေးချင်တာက ဆရာဝန်တွေက ဆေးကုတာတော့ ကျွမ်းကျင်တာပေါ့ စီမံခန့်ခွဲမှုပိုင်းမှာကျတော့ ဒီငွေတွေ မလေလွှင့်အောင် ထိထိရောက်ရောက် ဖြစ်အောင် စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးတယ်။ စီမံထားတာတော့ ကောင်းတာပေါ့။ ဒါပေမယ့် စီမံထားတဲ့အတိုင်း တိတိကျကျ ဖြစ်အောင်၊ လေလွှင့်မှုမဖြစ်အောင်၊ သူများလက်ညှိုးထိုးစရာ မဖြစ်အောင် စနစ်တကျ စီမံနိုင်ဖို့ လိုတယ်။”

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ ပြင်ပ ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅ ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013