DVB Logo
Home
မြန်မာသတင်း
BECA အောင်လက်မှတ် မရသူများကို ပြန်စစ်ဆေးရန် ငွေမကောက်တော့ဟု NUG ပညာရေး ကြေညာ
DVB
·
May 26, 2024
BECA အောင်လက်မှတ် မရသူများကို ပြန်စစ်ဆေးရန် ငွေမကောက်တော့ဟု NUG ပညာရေး ကြေညာ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်တာမှာ အောင်မြင်ကြောင်းလက်မှတ် မရသူတွေအနေနဲ့ ပြန်စစ်ဆေးပေးဖို့အတွက် ငွေ ၃ သောင်း တောင်းတာကို ဝေဖန်ခံရပြီးနောက် ငွေမကောက်ဘဲ လျှောက်လွှာတင်နိုင်တယ်လို့ မေ ၂၅ ရက်မှာ ပြန်လည်ကြေညာပါတယ်။

၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုဖို့ လျှောက်ထားသူ ဦးရေ ၇၅,၀၀၀ လောက် ရှိပြီး ဘာသာစုံဖြေဆိုသူ ၅၆,၀၀၀ လောက် ရှိခဲ့တာပါ။

ဒီထဲမှာ စည်းကမ်းချက်တွေနဲ့အညီ ဖြေဆိုပြီး အောင်မြင်ကြောင်းလက်မှတ် Certificate ရရှိသူဦးရေ ၅၀,၀၀၀ လောက်၊ စည်းကမ်းချက်နဲ့ မညီဘူးဆိုပြီး လက်မှတ်ထုတ်မပေးခဲ့သူ ၆,၀၀၀ လောက်ရှိတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

ဖြေဆိုခဲ့တဲ့ကျောင်းသားတယောက်က “တကယ် မသမာတဲ့သူတွေလည်း ရှိမယ်။ သူတို့အတွက် ပြောတာမဟုတ်ဘူး။ ကျောင်းသားတွေက နယ်မြေငြိမ်ငြိမ်မှာ ဖြေခဲ့ရတာမဟုတ်ဘူး။ သူတို့ (ပညာရေးဌာန)က ချထားတဲ့ စည်းကမ်းက မြေပြင်နဲ့ မကိုက်ညီဘူး။ လုံးဝ မကျေနပ်ဘူး။ သူဌေးသားသမီးတွေ စာမေးပွဲ မဟုတ်ဘူး။ Certificate ရတဲ့ ၅ သောင်းကရော စည်းကမ်းချက်နဲ့ ညီတယ်လို့ အာမခံလား။ သူတို့က ၃ စက္ကန့်ကို တကြိမ် ပုံရိုက်ထားတယ်လို့ ပြောတယ်။ မြေပြင်မှာ မငြိမ်သက်လို့ လှုပ်ရှားရတာ(နေရာရွှေ့ရတာ)မျိုးရှိမယ်” လို့ ပြောပါတယ်။

နောက် ကျောင်းသားတယောက်ကလည်း အခုလို Certificate ရဖို့ တနှစ်ခွဲလောက် စောင့်ပြီးမှ မသမာမှုလို့ ခေါင်းစဉ်တပ်၊ ငွေသွင်းမှ ပြန်စစ်ဆေးမယ် ဆိုတာဟာ ကျေနပ်စရာမဟုတ်လို့ CDM ကျောင်းသားတွေ ကျေနပ်တဲ့အထိ ဆောင်ရွက်ပေးသင့်တယ်လို့ ပြောပါတယ်။

NUG ပညာရေးဝန်ကြီးဌာနကတော့ ဖြေဆိုသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့အညီ ဖြေဆိုထားပြီး Certificate မရရှိ ဖြစ်နေတယ်လို့ ယူဆထားကြတဲ့ စာဖြေသူတွေဟာ ကိုယ့်ရဲ့ရလဒ်ကို ပြန်လည်စစ်ဆေးပေးစေလိုရင် Complaint Form လျှောက်ထားနိုင်ပြီး အများအပြား တင်လာရင်တော့ စစ်ဆေးတဲ့ လုပ်ငန်းစဉ် ကြန့်ကြာနိုင်တာကြောင့် စောင့်ဆိုင်းပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကျောင်းသားမိဘတယောက်ကလည်း “ကျမ ကလေးက ကျောင်းမှန်မှန်တက်ပြီး စာမှန်မှန် လုပ်တယ်။ ပုဂ္ဂလိကကျောင်းတခုမှာ စကောလားရှစ် ရထားတဲ့ကလေး။ အခု NUG ကျောင်းက ပရောဂျက်တွေမှာလည်း ပူးပေါင်းပါဝင်တယ်။ ဦးဆောင်ပြီး လုပ်တယ်။ အခု ဆာတီဖီကိတ် မရတာ ကျမ ရင်တော်တော်နာတယ်။ ကျမ ရထားတဲ့ဘွဲ့က အပြင်မှာ လုံးဝ သုံးစားမရလို့ သုံးစားရတဲ့ဘွဲ့ ရစေချင်လို့ ဒီကျောင်းကို တက်ခဲ့တယ်။ မသမာမှုလို့ နာမည်တပ်ခံရတာ တရားသလား။ နိုင်ငံရေးမှာ မဲခိုးတယ်လို့ စွပ်စွဲတယ်။ တကယ်ခိုးခဲ့သလား။ မခိုးခဲ့ဘူးမလား၊ ဒါကြောင့် တော်လှန်နေကြတာလေ။ အခုလည်း သူတို့ရဲ့ နည်းပညာပဲ မှန်တာလား။ သူတို့က ကျမတို့ကို မယုံရင် ကျမတို့ကရော သူတို့နည်းပညာကို ယုံစရာလား။ တော်တော် စိတ်ကုန်တယ်” လို့ ပြောပါတယ်။

ပြန်စစ်ပေးဖို့ လျှောက်လွှာအတွက် ငွေ ၃ သောင်းပေးရမယ်ဆိုတာကို ပြင်ဆင်ပေးဖို့ တောင်းဆိုတာတွေ ရှိတာကြောင့် ပြည်သူ့အသံကို နားဆင်ပြီး မတောင်းတော့တာလို့လည်း ဆိုပါတယ်။

ပညာရေးတက်ကြွလှုပ်ရှားသူ ဦးဖြိုးဝေအောင်က “ခုလို နစ်နာသူတွေဘက်ကို ငဲ့ပြီး ထုတ်ပြန် ဖြေရှင်းလာတာ ကျေနပ်အားရစရာပေါ့။ ကလေးတွေက Certificate ရဖို့ အချိန် တနှစ်ခွဲလောက် ပေးခဲ့ရပြီးပြီမို့ Complaint Form အတွက် အချိန်သိပ်မဆွဲဘဲ ဖြေရှင်းပေးလာစေချင်ပါတယ်။ Complaint Form တင်တဲ့ ကလေးတွေအတွက် BECA က ပြန်လည်အကြောင်းကြားလာမှုကိုတော့ ကြည့်ရဦးမှာပါ။ သူတို့ရဲ့ ဖြေရှင်းမှုက ကလေးတွေအတွက် တရားမျှတမှုကို တကယ်ပေးနိုင်ခဲ့လား ဆိုတာကတော့ စောင့်မျှော်ရဦးမှာပါ” လို့ ပြောပါတယ်။

အခု Complaint Form တင်ရာမှာလည်း တင်လို့မရဘဲ အခက်အခဲဖြစ်နေတယ်လို့ ကျောင်းသားတွေက ပြောလာတာတွေရှိတာကြောင့် နည်းပညာစနစ်ပိုင်း အမှားအယွင်းတွေကိုလည်း အတတ်နိုင်ဆုံး မဖြစ်အောင် ကြိုးစားပေးကြစေချင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

Complaint Form လျှောက်ထားမယ့်သူတွေအနေနဲ့ လာမဲ့ ဇွန် ၂၅ ရက်နေ့ နောက်ဆုံးထားပြီး  LMS - https://lms.moeedu.org  >> Technical Support Channel မှာ လျှောက်ထားရမှာဖြစ်ပါတယ်။

အဲဒီလျှောက်လွှာမှာ ဖြေဆိုခဲ့ရမှု အခြေအနေ အခက်အခဲကို ကျောင်းသားကိုယ်တိုင် ရေးသားထားတဲ့ လျှောက်လွှာပါရမှာဖြစ်ပြီး တက်ရောက်နေတဲ့ မြေပြင် ဒါမှမဟုတ် အွန်လိုင်းကျောင်း၊ သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ် ဒါမှမဟုတ် ပညာရေး အဖွဲ့အစည်း ဒါမှမဟုတ် စီဒီအမ်ဝန်ထမ်းတယောက် ဒါမှမဟုတ် မိဘအုပ်ထိန်းသူ ဒါမှမဟုတ် ကျောင်းသားကိုယ်တိုင်ရဲ့ ဖြေဆိုသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့အညီ ဖြေဆိုခဲ့တာ မှန်ကန်ကြောင်း ထောက်ခံချက်ပါရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို စစ်ဆေးအကဲဖြတ်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ပဲ အကြောင်းပြန်ကြားပေးမှာ ဖြစ်ပြီး ကိုယ်တိုင်ထောက်ခံချက်နဲ့ Complaint Form တင်သွင်းသူတွေကို စီဒီအမ် ကျောင်းသား ဖြစ်ကြောင်း ပြန်လည်စစ်ဆေးဖို့ အချိန်ယူရမှာဖြစ်တာကြောင့် အကြောင်းပြန်ရာမှာ ကြာမြင့်နိုင်တယ်လို့လည်း ကြိုတင်အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်တာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီကနေ ဧပြီလအထိ ပထမအကြိမ်၊ ဩဂုတ်က အောက်တိုဘာအထိ ဒုတိယအကြိမ်၊ ၂ ကြိမ်ခွဲ ကျင်းပခဲ့ပြီး မြေပြင်မှာ ဖြေဆိုတာကိုလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013