
ရခိုင်ပြည်နယ်ဟာ များမကြာခင်ကာလမှာ စစ်ကောင်စီကင်းစင်နယ်မြေတခု ဖြစ်လာတော့ဖို့ နီးကပ်နေပါပြီ။ အဲဒီအခြေအနေကိုလည်း စစ်ကောင်စီက သိတယ်။ ဒါကြောင့် သူတို့က ဒီအတိုင်းကြီးတော့ ထားခဲ့မှာမဟုတ်ဘူး။ ယမ်းထုပ်ကို စနက်တံမီးရှို့ပြီးမှ ထားခဲ့ဖို့ စီစဉ်နေပါပြီ။ ဒါကို လက်ရှိ ရခိုင်ပြည်မှာနေနေကြတဲ့ သက်ဆိုင်သူတွေ ပြင်ဆင်ထားဖို့ လိုနေပါပြီ။
ညီနောင် ၃ ဖော်ရဲ့ ၁၀၂၇- စစ်ဆင်ရေးကြီး စတင်လာခဲ့ကတည်းက အာရက္ခတပ်တော် (AA) က ရခိုင်မှာ တိုက်တိုင်းအောင် အခြေအနေနဲ့ စစ်ကောင်စီစစ်စခန်းတွေ၊ ရဲစခန်းတွေ၊ မြို့ရွာတွေကို ဆက်တိုက် သိမ်းပိုက်လာခဲ့တာကြောင့် စကစက ရခိုင်ကို ပြည်မဘက်ကနေ ဝင်လို့ရတဲ့ လမ်းမှန်သမျှကို ပိတ်လိုက်ပြီး ရိက္ခာဖြတ်တောက်ဖို့ စတင်ခဲ့ပါတော့တယ်။
ရခိုင်ပြည်နယ်က ဆန်၊ လောင်စာဆီ၊ စားဆီ အပါအဝင် ကုန်ခြောက်ပစ္စည်းတွေကအစ ပြည်မဘက်ကလာတဲ့ဟာတွေကို အားပြုနေရတော့ ပြည်နယ်ထဲကလူတွေ ငတ်ပြီး ရာဇဝတ်မှုတွေ ထူပြောလာအောင်၊ အုပ်ချုပ်လို့မရအောင် အခုလို ဖန်တီးခဲ့သလို အမြဲတန်း ပဋိပက္ခအသွင် ဆောင်နေတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတို့ကြားမှာ အမုန်းတရားမီးစတချို့ ချပေးဖို့အတွက် စတင်ဆောင်ရွက်လာခဲ့ပါတယ်။ အဲဒါကလည်း တလျှောက်လုံးက ရခိုင်ပြည်မှာ AA ကို ရခိုင်တိုင်းရင်းသားတွေက အားပေးထောက်ခံနေတဲ့အချိန်မှာ ရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်သားအဖြစ် ခေါ်ယူပြီး စစ်မှုထမ်းခိုင်းတာတွေ စတင်ပြုလုပ်လာခဲ့ပါတယ်။
ရိုဟင်ဂျာတွေအနေနဲ့ကလည်း အရင်ကတည်းက သူတို့ကို လူမျိုးတုံးသတ်ဖြတ်ခဲ့၊ ရွာတွေ မီးရှို့ပြီး မြေတွေသိမ်းခဲ့၊ ရခိုင်ဒေသကနေ မောင်းထုတ်ခဲ့၊ သွားလာခွင့်ပိတ်ထားခဲ့တာတွေကြောင့် မုန်းတီးနေပေမဲ့ နီးရာဓားကိုကြောက်ပြီး စစ်မှုထမ်းဖို့ တအိမ်တယောက် ပေးရမယ်လို့ ခြိမ်းခြောက်မှုကြောင့် စကစတပ်မှာ စစ်မှုထမ်းဖို့ လိုက်ပါခဲ့ကြရပါတယ်။
နောက်တော့ ၂၀၂၄ ခု၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မောင်တောဘက်က ဒို့ညောင်ပင်ကြီးရွာ၊ ရွှေဇားရွာ၊ အမှတ် ၄ ရပ်ကွက်တွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် ရိုဟင်ဂျာလူငယ်တွေကို စစ်ပညာသင်ပေးမယ်၊ လက်နက်တွေပေးမယ်၊ မင်းတို့မှာလည်း တာဝန်ရှိတယ်၊ သူတို့နဲ့အတူ စစ်ဝင်တိုက်ပေးရမယ်ဆိုပြီး ခြိမ်းခြောက်ပြီး စစ်ထဲဝင်ဖို့ အတင်းစတင်ခေါ်သွားကြတယ်။ အရေအတွက်ကိုတော့ အတိအကျ စာရင်းလုပ်လို့ မရခဲ့ပါဘူး။
ဘူးသီးတောင်မြို့နယ်ထဲကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်မှာ ကျေးရွာတရွာကနေ အိမ်စောင့်တယောက်ပဲ ချန်ထားခဲ့ပြီး အိမ်ရှိလူကုန် စစ်တပ်ထဲ လိုက်ရမယ်ဆိုပြီး ရွာတရွာတည်းကနေ လူ ၂၅၀ ခန့် ခေါ်ဆောင်သွားတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရကြောင်း သတင်းတခုမှာ ဖတ်လိုက်ရပါတယ်။
၂၀၂၄ ခု ဖေဖော်ဝါရီ ၁၈-၁၉ ရက်တွေမှာ စစ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာ ၄၀၀ လောက်ကိုလည်း ၅၀,၀၀၀ ကျပ်တန်တဲ့ ဆန်တအိတ်စီပေးပြီး စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်သွားခဲ့သလို မောင်တောနဲ့ ဘူးသီးတောင်ဘက် ဒေသတွေက ရိုဟင်ဂျာရွာတွေမှာ AA တပ်တွေက အထိုင်ချပြီး စကစကို တိုက်ခိုက်တာကြောင့် စကစက ပြန်လည်တိုက်ခိုက်ရာမှာ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် ဖုံးညိုလိပ်၊ ဖရုံချောင်း၊ ညောင်ချောင်း၊ ဂူတာပြင်၊ ဆယ်ဦးကျ စတဲ့ကျေးရွာတွေက အိမ်ပေါင်း ၂၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ရိုဟင်ဂျာ ၄၂ ယောက် သေဆုံးခဲ့ကာ ရိုဟင်ဂျာဒေသခံ ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ Rohingya FDMN Representative Committee အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
စကစက ရခိုင်ပြည်နယ်ကို သတင်းတွေ အပြင်ကမသိအောင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပိတ်သိမ်းထားခဲ့ပေမဲ့လည်း တချို့ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ် ဖုန်းဆင်းကတ်တွေ ကိုင်ဆောင်ထားကြတာကြောင့် သတင်းတွေ အပြင်ဘက်ကို ထွက်လာကြတာရှိသလို တချို့ ရခိုင်ပြည်နယ်က စစ်ကောင်စီရုံးတွေရှိတဲ့ နေရာတွေက ဖုန်းလိုင်းမိတာတွေ ရှိတာကြောင့် အဲဒီနေရာတွေကနေပဲ အပြင်ဘက်ကို အဲဒီသတင်းတွေ ပျံ့နှံ့လာခဲ့ရတာပါ။
နေရာအသီသီးကနေ ခေါ်ထားတဲ့ ရိုဟင်ဂျာတွေကို စစ်သင်တန်း ၁၅ ရက် အတင်းတက်ခိုင်းပြီး ရှေ့တန်းကို လွှတ်လိုက်တာကြောင့် AA တိုက်ခိုက် အနိုင်ရခဲ့တဲ့ ရှေ့တန်းနေရာတွေမှာ သေဆုံးစစ်ကောင်စီတပ်တွေနဲ့အတူ ရိုဟင်ဂျာ (မူရင်းဘင်္ဂါလီ) လူငယ်တွေပါ ပါလာကြောင်း AA က ထုတ်ပြန်လာပါတယ်။ တဆက်တည်းမှာပဲ မတ် ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ စစ်တွေ ဒုက္ခသည်စခန်းနဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းတွေကို ရိုဟင်ဂျာအလောင်း ၇ လောင်း ရောက်လာခဲ့ပါတယ်။ နောက် AA ကလည်း မတ် ၁၂ ရက်မှာ ရသေ့တောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေနဲ့အတူ ရိုဟင်ဂျာတွေလည်း သေဆုံးသွားကြောင်း ထပ်မံထုတ်ပြန်ချက်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တဆက်တည်းမှာပဲ ရိုဟင်ဂျာအရေးဆောင်ရွက်သူ ဗြိတိန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က အဲဒီရက်က ရိုဟင်ဂျာ ၉၀ ကျော် တိုက်ပွဲမှာ သေဆုံးသွားကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲဒီနောက်တော့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်က နေရာအသီသီးမှာ AA အလိုမရှိဆိုပြီး ဆန္ဒတွေပြခဲ့ပါတယ်။ မတ်လ ၁၄ ရက်၊ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက စစ်ဗျူဟာ၊ ကညင်ချောင်း ၈ ရွာအုပ်စု၊ ကျောက်ဖြူတောင် ၈ ရွာအုပ်စု၊ လက်ဝဲဒက်ပြင်ရှည် ၈ ရွာအုပ်စု တွေက လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ ကားတွေနဲ့သယ်ဆောင်သွားပြီး ဘူးသီးတောင်မြို့ထဲကို လှည့်လည်ဆန္ဒပြခိုင်းတာ၊ နောက် မေ ၂၁ ရက်မှာ စစ်တွေ အောင်မင်္ဂလာရပ်ကွက်၊ ၂၂ ရက်မှာ စစ်တွေဒုက္ခသည်စခန်း၊ ၂၃ ရက်မှာ စစ်တွေ ဘုမေရပ်ကွက်တွေမှာ ကိုယ့်နေရာမှာကိုယ် သီးခြားစီ ဆန္ဒပြခဲ့ကြရပါတယ်။
ရခိုင်ပြည်နယ်မှာက ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်မှာ ရိုဟင်ဂျာတွေ ဆန္ဒပြခွင့် တခါမှ မရခဲ့ဖူးပါဘူး။ အခုလို စစ်အာဏာသိမ်းထားချိန်မှာလည်း တပ်ထောက်ခံသူတွေကလွဲလို့ မြန်မာပြည်သူတွေ ဘယ်သူမှ ဆန္ဒပြခွင့်မရချိန်မှာ အခုလို ရိုဟင်ဂျာတွေ ရက်ဆက်ပြီး နေရာအနှံ့မှာ ဆန္ဒပြကြတယ် ဆိုတာကလည်း စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုနဲ့ ဖိအားတွေကြောင့်ဖြစ်တယ်လို့ နောက်တော့ သတင်းတွေမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
ရိုဟင်ဂျာတွေ အဓမ္မစစ်မှုထမ်းလိုက်ရပြီး သိပ်မကြာပါဘူး၊ မတ်လ ၂၄ ရက်နေ့က ရသေ့တောင်မြို့အခြေစိုက်၊ ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စခန်းထဲက စစ်ကောင်စီအလောင်းထဲတွေထဲမှာ တွေ့ရတဲ့ ရိုဟင်ဂျာ (မူရင်းသတင်းမှာ AA က ဘင်္ဂါလီလို့ သုံးထားပါတယ်) အလောင်းတချို့ဆိုပြီး AA က သူတို့တယ်လီဂရမ်တွေမှာ စတင်ဖော်ပြလာခဲ့တယ်။
ဧပြီလ ၂၄ ရက်နေ့မှာ ဘူးသီးတောင်မြို့က ရပ်ကွက်တွေထဲက အိမ်တွေကို အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ ဘင်္ဂါလီ မွတ်စလင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA, ARA, RSO နဲ့ မကြာခင်က စစ်ကောင်စီသင်တန်းပေးခဲ့တဲ့ မွတ်စလင် လက်နက်ကိုင်တွေက ရက္ခိုင်၊ ဟိန္ဒူနဲ့ တခြား မွတ်စလင်မဟုတ်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တခု AA ရဲ့ တယ်လီဂရမ်တခုမှာ ဖော်ပြလိုက်သလို အဲဒီလို မီးရှို့ခဲ့တဲ့အတွက် ဧပြီ ၁၁ ရက်ကနေ ၂၁ ရက်အထိ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ ဘင်္ဂါလီ မွတ်စလင် အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA, ARA, RSO အဖွဲ့တွေက မီးရှို့ခဲ့တဲ့အိမ်ပေါင်း ၅,၀၀၀ လောက် ဖြစ်သွားပြီကိုလည်း DVB သတင်းဌာနကို AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဖြေကြားသွားပါတယ်။
တဆက်တည်းမှာပဲ စစ်ကောင်စီက မကြာခင်က သင်တန်းပေးခဲ့တဲ့ မြန်မာစစ်တပ် ယူနီဖောင်းတွေကို ဝတ်ဆင်ထားတဲ့ ရိုဟင်ဂျာလူငယ်တစုက ရက္ခိုင်၊ ဟိန္ဒူနဲ့ တခြား မွတ်စလင် မဟုတ်သူတွေရဲ့ အိမ်တွေကို ဓာတ်ဆီပုံးတွေကိုင်ပြီး မီးရှို့နေတာ၊ မီးရှို့ရင်းနဲ့ ငါတို့ မွတ်စလင်တွေ ခံခဲ့ရသလို အခု ငါတို့က ပြန်ပြီး လက်စားချေတာဆိုတဲ့ စကားလုံးတွေကို ပြောဆိုပြီး အိမ်တွေကို မီးရှို့နေတဲ့ ဗွီဒီယိုဖိုင်တခုကိုလည်း တဆက်တည်းမှာ ထုတ်ပြန်လာခဲ့ပါတယ်။
နောက်တော့ ဧပြီလ ၂၆ ရက်နေ့မှာ ညမထွက်ရအမိန့်တခု ဘူးသီးတောင်၊ မောင်တောဒေသကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ “အာရက္ခဒေသအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဘူးသီးတောင်၊ စကခ ၁၅ အား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများမှာ ပိုမိုပြင်းထန်လျက်ရှိသည်။ ထိုသို့ ပြင်းထန်သော တိုက်ပွဲများနှင့်အတူ စစ်ရှုံး အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခဒေသအတွင်း မတူညီသော လူ့အဖွဲ့အစည်းများအကြားတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားလာစေရန် ကြိုးစားနေသကဲ့သို့ မွတ်စလင်လူမျိုးများအား စစ်သင်တန်းပေး၍ တိုက်ပွဲများအတွင်းတွင် အသုံးပြုနေခြင်း၊ မွတ်စလင် အကြမ်းဖက် အဖွဲ့များအား လက်နက်များတပ်ဆင်ပေးခြင်း စသည်တို့ကို ပြုလုပ်ကာ ယုတ်ညံ့သော နိုင်ငံရေးအောက်လုံးများကို သုံးပြီး လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလုပ်ဆောင်လျက် ရှိသည်ကို ထင်ရှားစွာ တွေ့မြင်နေရသည်” စသဖြင့်ဖော်ပြထားပါတယ်။
မေလ ၁၈ ရက်နေ့မှာတော့ AA က ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ မွတ်စလင်တွေကို အိမ်တွေကနေ ရွှေ့ပြောင်းခိုင်းပါတယ်။
အဲဒီနေ့မှာပဲ ညနေ နေဝင်ချိန်လောက်မှာ မွတ်စလင်တွေရဲ့ အိမ်တွေ ဓာတ်ဆီလောင်းပြီး မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခိုင်သုခကတော့ “ဘူးသီးတောင်မှာတော့ စကစတပ်တွေနဲ့ ဘင်္ဂါလီ မွတ်စလင် အကြမ်းဖက် ARA, ARSO, ARA နဲ့ စစ်ကောင်စီက လေ့ကျင့် သေနတ်တပ်ဆင်ပေးထားတဲ့ မွတ်စလင်စစ်သားတွေက နေရာယူထားပြီး မြို့ထဲမှာရှိတဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေကို လူသားဒိုင်းလုပ် အကာအကွယ်ယူပြီး မြို့ထဲမှာ ဆက်လက်ရပ်တည်နေတာ တွေ့ရပါတယ်။ အခုလည်း တချို့အဆောက်အဦတွေကို အဲဒီအဖွဲ့တွေက မီးရှို့ဖျက်ဆီးတာတွေ လုပ်နေပါတယ်။ လွန်ခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၀ ရက်ကျော်အတွင်းမှာလည်း ရခိုင်အိမ်တွေ၊ ဟိန္ဒူအိမ်တွေကို မီးရှို့ခဲ့တာ အိမ်ပေါင်း ၅,၀၀၀ ကျော် မီးရှို့ခဲ့ပါတယ်။ အဓိက သူတို့ရည်ရွယ်ချက်က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်ပေါ့နော်။ ရခိုင်တွေဘက်က လက်တုံ့မပြန်ကြတော့၊ သူတို့ကျူးလွန်တဲ့ အကြမ်းဖက် မီးရှို့မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဘူးသီးတောင်မြို့ထဲက တချို့အဆောက်အဦတွေကို မီးရှို့ပြီး AA ကပဲ မီးရှို့သယောင်ပေါ့နော်၊ ဒါ လုပ်ကြံဖန်တီးပြီးတော့မှ နိုင်ငံတကာအဖွဲ့အစည်းတွေကို လိမ်လည်ဖို့ ကြိုးစားနေတာတွေကို တွေ့နေရပါတယ်။ ဒါဟာ အင်မတန်မှ ယုတ်မာကောက်ကျစ် အောက်တန်းကျတဲ့ နိုင်ငံရေးညစ်ပတ်မှု ဖြစ်ပါတယ်” လို့ တုံ့ပြန်ပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေ အားလုံးကို တိုက်ထုတ်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာလည်း ရာပေါင်းများစွာရှိတဲ့ ARA, ARSO, ARSA အဖွဲ့တွေက ဒီဒေသထဲမှာပဲ ထွက်ပြေးနေဆဲရှိနေပြီး မွတ်စလင်ရွာတွေမှာ ပြည်သူတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်ဖို့ လုပ်နေကြောင်း ခိုင်သုခက DVB သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
ဒီလိုအခြေအနေတွေ ဖြစ်လာဖို့ကို စစ်ကောင်စီကလည်း မျှော်လင့်နေရုံမက သူတို့ကိုယ်တိုင် နှပ်ကြောင်းပေးထားတဲ့ နှပ်ကြောင်းထဲကို ရောက်လာခဲ့ပါပြီ။ အခုဆက်လက် စောင့်ကြည့်ရမှာက မောင်တောနဲ့ စစ်တွေ အခြေအနေပါပဲ။
စကစက နောက်ဆုံးတော့ ရခိုင်ပြည်ကို လက်လွှတ်ရတော့မှာကို အသေအချာ သိနေခဲ့ပြီ။ ဒါကြောင့် သူတို့က အောင်မြင်စွာနဲ့ ဆုတ်ခွာနိုင်ဖို့ကို အခုလို အခင်းအကျင်းနဲ့ ချန်ထားခဲ့ဖို့အတွက် ယမ်းအိုးကြီးတလုံးကို မီးတို့ခဲ့လေလားပေါ့။
ဘညို











