DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၅ ဦး သေ၊ ကျိုက်ထိုတွင် ကြက်ခြံလုပ်သား ၁ ဦးကို ဖမ်းဆီး
DVB
·
May 25, 2024
စစ်ကိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၅ ဦး သေ၊ ကျိုက်ထိုတွင် ကြက်ခြံလုပ်သား ၁ ဦးကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းမြို့မှာ စစ်ကောင်စီရဲ့ လှည့်ကင်းနဲ့ လက်နက်ကိုင်အဖွဲ့တခုတို့ အပြန်အလှန် ပစ်ခတ်လို့ ၅ ယောက်သေဆုံးပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တော့ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကြက်ခြံအလုပ်သမားတယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ လဝကရုံးနဲ့ မြို့နယ်အခွန်ဦးစီးရုံးတို့ကို လာရောက်တိုက်ခိုက်တဲ့ PDF အဖွဲ့လို့စွပ်စွဲပြီး မေ ၂၁ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီလှည့်ကင်းအဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြလို့ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“ကြားတာကတော့ လှည့်ကင်းအဖွဲ့နဲ့ အပြန်အလှန် ပစ်ကြတယ်လို့ ကြားတယ်။ သေဆုံးသူတွေကတော့ PDF ဟုတ်လား မဟုတ်လား သေချာတော့ မသိပါဘူး။ လူငယ်တွေချည်းပဲ။ သေနတ်သံတိတ်သွားတော့မှ လူနာတင်ကားတွေရောက်ပြီး မြို့ပေါ်ကဆိုင်တွေလည်း အားလုံးပိတ်သိမ်းလိုက်ကြတယ်” လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ဝန်ထမ် ၂ ယောက်ပါတယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ကတော့ ပစ်ခတ်မှုဖြစ်ပြီးနောက် MA-13 (R-48567) သေနတ် ၁ လက်၊ MA-13 ကျည်အိမ် ၁ ခု၊ MA-13 ကျည် ၁၅ တောင့်၊ SIG SAUER P-320 ပစ္စတို (ရွှေဝါရောင်) သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၃ တောင့်၊ MDY-6D/5998 တပ်ဆင်ထားတဲ့ Honda Fit အဖြူရောင်မော်တော်ယာဉ်တစီးနဲ့ SGG-72W-86333 တပ်ဆင်ထားတဲ့ Honda Click 125-I အမျိုးအစား ဆိုင်ကယ်တစီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း စစ်ကိုင်းမြို့ သုခကာရီ လူမှုကူညီရေးအဖွဲ့ဝင် ၇ ယောက်ကို PDF ထောက်ပို့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကိုင်းခရိုင် စစ်ကောင်စီက ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး အသတ်ခံရပြီးနောက် မေ ၂၃ ရက်က ကြက်ခြံအလုပ်သမားတယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် တောင်ပိုင်းရပ်ကွက်မှာ မေ ၂၂ ရက်က ပစ်သတ်ခံရတဲ့ ရာအိမ်မှူးကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေက မုက္ခမူကျေးရွာမှာရှိတဲ့ လက်ရှိ PDF တာဝန် ထမ်းဆောင်နေသူ ၂ ယောက်ရဲ့ နေအိမ်တွေနဲ့ သူတို့ပိုင်တဲ့ ကြက်ခြံတွေကို မေ ၂၃ ရက် ညနေ ၄ နာရီက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

နေအိမ်တွေနဲ့ ကြက်ခြံတွေမှာ PDF တွေကို မတွေ့တဲ့အပြင် မိသားစုဝင်တွေလည်း မတွေ့တာကြောင့် စစ်ကောင်စီတပ်သားတွေက ကြက်ခြံအလုပ်သမားတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

မုက္ခမူရွာခံတယောက်က “တောင်ပိုင်းမှာ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး အသတ်ခံရတာနဲ့ မုက္ခမူမှာရှိတဲ့ PDF အိမ်တွေကို ဝင်စီးတာ။ သားတွေကို မတွေ့တော့ ‌ဖအေတွေကို ဖမ်းဖို့လုပ်တာ။ တယောက်ကတော့ လေဖြတ်နေတော့ မဖမ်းသွားဘူး။ ကျန်တဲ့ PDF အဖေတယောက်က အချိန်မီရှောင်တိမ်းလို့ လွတ်သွားပေမဲ့ ကြက်ခြံကိုရောက်တာ ၃ ရက်လောက်ပဲ ကြာသေးတဲ့ ဝန်ထမ်းကို ဖမ်းသွားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ကြက်ခြံဝန်ထမ်း အလုပ်သမားကို စစ်ကောင်စီတပ်သားတွေက ကျိုက်ထိုမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ‌ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မေ ၈ ရက်ကလည်း ကော့ထင်းဥက္ကဋ္ဌ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မုက္ခမူရွာသား ကိုဖြူနိုင်ကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပါတယ်။

Photo - ဒေသခံလူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013