DVB Logo
Home
မြန်မာသတင်း
ဗကသအဖွဲ့ဝင် ကျောင်းသားကျောင်းသူ ၃ ဦး တရားစွဲခံရ
DVB
·
September 18, 2014
ဗကသအဖွဲ့ဝင် ကျောင်းသားကျောင်းသူ ၃ ဦး တရားစွဲခံရ
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသားကျောင်းသူ ၃ ဦး ဟာ ပုဒ်မ ၁၈ အပါအ၀င် စွဲချက်တွေနဲ့ တရားစွဲဆိုခံနေရပါတယ်။

ဗကသအဖွဲ့ဝင်တွေဖြစ်တဲ့  ကိုမင်းသွေးသစ်နဲ့ ကိုရဲရင့်ကျော်တို့ကို ပြည်မြို့ အမျိုးသား ပညာရေး ဥပဒေကို ဆန္ဒပြတဲ့အတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားသလို ပြည်ခရိုင် သဲကုန်းအောင်ကုန်းရွာ ထွန်တုံးသပိတ်စခန်းမှာ ပါဝင်ခဲ့တဲ့ ကိုမင်းသွေးသစ်ကတော့ နယ်မြေကျူးကျော်ဝင် ရောက်မှုနဲ့ ထပ်ပြီး တရားစွဲခံထားရတာပါ။

ဒါ့ပြင် ဗကသ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂက မဖြူနှင်းထွေးကိုလည်း လက်ပံတောင်း တောင် တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၃၆၄/၃၆၈ တွေနဲ့  ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

[caption id="attachment_65331" align="alignright" width="300"]မဖြူနှင်းထွေး မဖြူနှင်းထွေး[/caption]

ဒုတိယနှစ် မြန်မာစာကျောင်းသူ မဖြူနှင်းထွေးဟာ တရုတ်နိုင်ငံသား ၂ ဦး ပြန်ပေးဆွဲတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိဘဲ လက်ပံတောင်းဒေသမှာ ပညာရေးနဲ့ ကျောင်းသားကိစ္စတွေကို ဆောင်ရွက်ပေးဖို့ သွားရောက်နေတာဖြစ်သလို အာမခံမရတဲ့အမှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတာလို့ ဗကသ ဗဟိုကော်မတီက ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“အမှုဖြစ်စဉ်မှာ မဖြူနှင်းထွေး ပါဝင်ပတ်သက်တယ်ဆိုပြီး ဒီလိုမျိုး မြန်မာစာ ဒုတိယနှစ် ကျောင်းသူတယောက်နဲ့ မထိုက်တန်တဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ဒီပုဒ်မ တပ်လိုက်တာကို ဗကသများအဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချတဲ့အကြောင်း အသိပေးထားပြီးဖြစ်တယ်။ မဖြနှင်းထွေး ပြန်လည်လွတ်မြောက်ရေး ပုဒ်မ ၃၆၄/၃၆၈ တွေတပ်ထားတာ မဆီလျော်တဲ့အတွက် ပုဒ်မတွေ ပြန်ပြီး ပယ်ဖျက်ပေးနိုင်အောင် ကျနော်တို့ ဆောင်ရွက်သွားမယ်။”

မဖြူနှင်းထွေးလွတ်မြောက်ရေးအတွက် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေ၊ တရုတ်ကုမ္ပဏီက တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ကြိုးစားသွားမယ်လို့လည်း ကိုရဲရင့်ကျော်က ပြောပါတယ်။

ဒီအမှုစွဲဆိုစဉ်မှာ  အတူစွဲဆိုခံထားရတဲ့ ၇ ဦးအနက် ၅ ဦးကို အမှုက ပလပ်ပေးခဲ့ပေမယ့် မဖြူနှင်းထွေးကို စာမေးပွဲနီးတဲ့အချိန်မှာ အခုလို ဖမ်းဆီးတရား စွဲဆိုထားတာဟာ ကျောင်းသူ တဦးအတွက် နစ်နာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် aတာင်ငူမှာလည်း ဗကသ ကျောင်းသား ၂ ဦးကို စာမေးပွဲပြီးပါက ရဲစခန်းကို လာရောက်တွေ့ဆုံဖို့ ဆင့်ထားသလို မုံရွာမှာလည်း အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြတဲ့အတွက် ဗကသ ကျောင်းသား ၂ ဦးနဲ့ ပရဟိတကျောင်းသား ၂ ဦးကို ပုဒ်မ ၁၈ နဲ့ အရေးယူဖို့ အာဏာပိုင်တွေက ပြင်ဆင်နေတယ်လို့  ဗကသက ပြောပါတယ်။

အလားတူ  ကန့်ဘလူ၊ စစ်ကိုင်း၊ မန္တလေးတွေမှာလည်းအမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက်တဲ့ အတွက် ဆန္ဒပြကျာင်းသားကျောင်းသူတွေကို ပုဒ်မ ၁၈နဲ့ အရေးယူမယ်ဆိုပြီး ဖိအားပေးနေတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဗကသအဖွဲ့ဝင်  ကိုကောင်းထက်ကျော်ကတော့ သဲကုန်း သပိတ်စခန်းမှာ အာဏာပိုင်တွေက  ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် မရတဲ့ အတွက် ၀ရမ်းပြေးအဖြစ် ကြေညာခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013