
ရုရှားကို ရန်လိုသူနဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်းညွှန်ပြတဲ့ ကြေညာချက်တွေကို ဥရောပက ထုတ်ပြန်နေတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။
ရုရှားနဲ့ ဥရောပသမဂ္ဂအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာမဲ့ အလားအလာမရှိဘူးလို့လည်း ရုရှားအစိုးရက ထပ်ပြောခဲ့ပါတယ်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ပဲ့စ်ကို့ဗ်ရဲ့ ရည်ညွှန်းတာ ဘယ်ကြေညာချက်လဲဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
EU ရဲ့ လက်ရှိနိုင်ငံရေးသမားတွေက ရုရှားအပေါ် စကားအားဖြင့်သာမက လက်တွေ့အားဖြင့်ပါ ထိပ်တိုက်ရင်ဆိုင်နေတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
“သူတို့က ဥရောပရဲ့ စစ်ရေးစွမ်းရည်တွေကို စုစည်းပြီး ကျနော်တို့နိုင်ငံကို တိုက်ခိုက်ဖို့ ညွှန်ကြားနေချိန်မှာ ကျနော်တို့အပေါ် ရန်လိုမှုတွေမှာ တိုက်ရိုက်ပါဝင် ပတ်သက်နေတယ်။ ကျနော်တို့က ဒီအဖြစ်မှန်ကို အပြည့်အဝ သိထားရမယ်။ ကျနော်တို့က ဆက်ဆံရေးတည်ဆောက်ဖို့ အမှန်တကယ် ပွင့်လင်းနေရမှာ ဖြစ်ပေမဲ့ ကျနော်တို့ ဘယ်သူနဲ့ ဆက်ဆံနေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ထားရမယ်” လို့ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။
Source: Reuters











