DVB Logo
Home
မြန်မာသတင်း
ပုလဲဒေသခံ ၂၀ ခန့်အား စစ်တပ်က ဖမ်းဆီး၊ လမ်းပြခေါ်လာသည့် ရေစကြိုပြည်သူ ၇ ဦးကို မီးရှို့သတ်
DVB
·
May 23, 2024
ပုလဲဒေသခံ ၂၀ ခန့်အား စစ်တပ်က ဖမ်းဆီး၊ လမ်းပြခေါ်လာသည့် ရေစကြိုပြည်သူ ၇ ဦးကို မီးရှို့သတ်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ရွာက ဒေသခံ ၂၀ ဝန်းကျင်ကို မေ ၂၂ ရက် မနက် ၇ နာရီက စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “တောထဲ တောင်သူလုပ်နေသူတွေ၊ ထင်းခုတ်နေသူတွေကို ဖမ်းဆီးသွားတယ်။ ဘာလို့ဖမ်းတာတော့ ဘယ်သိမလဲဗျာ။ လက်နက်ရှိတိုင်း အနိုင်ကျင့်နေကြတာ။ ဒီခေတ်မကောင်းတာကြီး အမြန်ပြန်‌ကောင်းပါစေလို့ပဲ ဆုတောင်းနေမိတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီနဲ့ ပျူတွေက အင်မထီးရွာကို ခေါ်ဆောင်သွားကြတယ်လို့လည်း သိရပါတယ်။

သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက “ဒါက ပြည်သူကို အနိုင်ကျင့်တာလို့ ပြောရမယ်။ ကျနော်တို့ တောင်ရွာသစ်ရွာက ပြည်သူတွေကို အင်မထီးရွာက စကစနဲ့ ပျူတွေ ဖမ်းသွားတယ်ဆိုတာ သိတယ်ဗျ။ ပြည်သူ့ကားတစီးကိုလည်း အကြောင်းမဲ့ ဖျက်ဆီးသွားတယ်။ နေ့ခင်းလောက်မှာ ဖမ်းဆီးသူတွေထဲက အမျိုးသမီးနဲ့ ကလေးတွေ ပြန်လွှတ်ပေးလိုက်တယ်လို့ သိထားရတယ်။ လူငယ်အမျိုးသား ၁၀ ဦးကိုတော့ ဖမ်းထားသေးတယ်။ ဖမ်းထားတဲ့ လူငယ်တွေကို နောက်ပြန်ကြိုးတုပ်ပြီး နေပူထဲထားတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။

အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ တောင်ရွာသစ်ကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၃ ခု ဇန်နဝါရီနဲ့ ၂၀၂၄ ဖေဖော်ဝါရီလတွေကလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာ‌ကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က Yesagyo Revolution Group (YRG) ပြည်သူ့ကာကွယ်ရေး စခန်းကို မေ ၁၉ ရက်မှာ စစ်ကောင်စီတပ်က စီးနင်းပြီး လမ်းပြခေါ်လာတဲ့ ဒေသခံပြည်သူ ၇ ဦးကို PDF စခန်းထဲထည့်ပြီး မီးရှို့သတ်သွားတယ်လို့ သိရပါတယ်။

Yesagyo Revolution Group (YRG) တာဝန်ခံတဦးက “ကျနော်တို့ စခန်းကိုပြန်ကြည့်တော့ စခန်းက အဆောက်အဦတွေနဲ့ မီးကျွမ်းနေတဲ့ အလောင်း ၇ လောင်းတွေ့တယ်။ စခန်းက အဆောက်အဦတွေ၊ ဆိုင်ကယ်တွေနဲ့ ကားပါ မီးရှို့ခံလိုက်ရတယ်။ စခန်းက ရဲဘော်တွေကတော့ အားလုံးပဲ အချိန်မီ ရှောင်တိမ်းနိုင်လိုက်ကြတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက် မနက် ၅ နာရီဝန်းကျင်မှာ ပခုက္ကူမြို့က အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခလရ ၂၅၇၊ ၂၅၈၊ ၂၅၉ က စစ်ကောင်စီတပ်သား ၃၀၀ လောက်က YRG စခန်းကို စီးနင်းဖို့ ဒေသခံပြည်သူ ၇ ဦးကို လမ်းပြအဖြစ် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ YRG စခန်းကို ဝင်ရောက်မစီးနင်းခင် ကျောက်ထပ်ကျေးရွာက ဒေသခံပြည်သူ ၇ ဦးကို စခန်းနေရာလိုက်ပြဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျောက်ထပ်ကျေးရွာသားတဦးက ပြောပါတယ်။

“စစ်သားတွေက PDF စခန်းကို လိုက်ပြဖို့ ရွာက အမျိုးသား ၆ ဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းခေါ်သွားတယ်။ PDF စခန်းရောက်တော့ သူတို့ကို စခန်းထဲက အဆောက်အဦထဲထည့်ပြီး စခန်းကို မီးရှို့လိုက်တာ” လို့ ပြောပါတယ်။

YRG စခန်းက ပါရီကျည် ၆၀၀ တောင့်၊ AK ကျည် အတောင့် ၂၀၀၊ ၅.၅၆ ကျည် ၃၀ တောင့်၊ ၉ မမ ကျည် အတောင့် ၂၀၊ လက်ပစ်ဗုံး ၃ လုံး၊ အီနာဂါဗုံး ၂ လုံး၊ မော်တော်ယာဥ် ၁ စီးနဲ့ ဆိုင်ကယ် ၃ စီး အပါအဝင် မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိန်း ၈၀၀ နီးပါး ဆုံးရှုံးသွားတယ်လို့လည်း YRG ရဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီစစ်သားတွေဟာ ကျောက်ထပ်ကျေးရွာနဲ့ ဇီးတောကျေးရွာတွေက လူနေအိမ် ၈၀ နီးပါးကိုပါ မီးရှို့သွားတာကြောင့် ဒေသခံပြည်သူ ၁,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Photos .... YRG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013