DVB Logo
Home
မြန်မာသတင်း
မံစီမြို့နယ်ရှိ အစိုးရရုံးများကို KIA ချိတ်ပိတ်၊  ဝိုင်းမော်၌ တိုက်ပွဲ ပြင်းထန်ဖြစ်ပြီး ပြည်သူ ၆ ဦး သေဆုံး
DVB
·
May 22, 2024
မံစီမြို့နယ်ရှိ အစိုးရရုံးများကို KIA ချိတ်ပိတ်၊  ဝိုင်းမော်၌ တိုက်ပွဲ ပြင်းထန်ဖြစ်ပြီး ပြည်သူ ၆ ဦး သေဆုံး
1 / 4
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ မံစီမြို့နယ် အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံး ၃၀ ထက်မနည်းကို  KIA က လိုက်လံ ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက  "လွန်ခဲ့တဲ့ လေး ငါးရက်ကတည်းက စာကပ် သော့ခတ်ပြီး ချိတ်ပိတ်နေတာ။ အခုဆို ဌာနဆိုင်ရာရုံး ၃၀ ကျော်လောက်ကို KIA က ချိတ်ပိတ်ထားနိုင်ခဲ့ပြီ။ မြို့နယ် အဆင့်ရုံးတွေထဲ ဘယ်သူမှ ဝင်မရအောင် ပိတ်လိုက်တာ "လို့ ပြောပါတယ်။

မေ ၁၆ ရက်က စပြီး အခုလို အစိုးရဌာနဆိုင်ရာရုံးတွေကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက လိုက်လံချိတ်ပိတ်ခဲ့တာပါ။

စစ်တပ်က မံစီမြို့နယ်ကို နေ့စဉ်နီးပါး လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်နေတဲ့အတွက် ကချင်လွတ်မြောက်ရေးတပ် KIA က ဒေသခံတွေကို ဘေးလွတ်ရာ တိမ်းရှောင်ခိုင်းခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

နှစ်ဘက် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် ဝိုင်းမော်မြို့ အပါအဝင် အနီးနားကျေးရွာမှ ဒေသခံတွေဟာ မေ ၂၁ ရက် မနက်ပိုင်းက စလို့ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

ဒေသခံရွာသားတဦးက "အတော်များများကတော့ ဘေးလွတ်ရာ ရှောင်နေကြရပြီ။ စစ်ဘေးရှောင် နေတဲ့ လူဦးရေ ဘယ်လောက်ရှိမလဲတော့ မခန့်မှန်းတတ်ဘူး"လို့ ပြောပါတယ်။

နှစ်ဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက်  ဝိုင်းမော်မြို့မှ ပြည်သူတွေအပါအဝင် ခတ်ချို၊ မခန္တီး၊ နောင်ဟီး၊ စန်းကား၊  အင်းလေး၊ နောင်စီပေါကျေးရွာတို့မှ ဒေသခံတွေဟာ မြစ်ကြီးနားမြို့ အပါအဝင် တခြားမြို့ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

မေ ၂၀ ရက်ကလည်း အရပ်သားတွေနေထိုင်ရာ ခတ်ချိုကျေးရွာအတွင်း  လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတဦးက "ပစ်တာက တညလုံး တနေ့လုံး ပစ်နေတာ။ နေ့လယ် ၁၂ နာရီလောက်က ကွက်သစ်ဘက် ၃ လုံး ကျတယ်။ ကလေး ၂ ယောက်အပါ အမျိုးသား အမျိုးသမီး ၆ ဦး သေတယ်။ ၁၁ ဦး ဒဏ်ရာရတယ်။ ဘယ်ဘက်က ပစ်တဲ့ လက်နက်ကြီးလဲဆိုတာတော့ မသိရဘူး”လို့  ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၅ နှစ်အရွယ် ကလေးနဲ့ အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး၊ အသက် ၅၀ ကျော် အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးကာ  ဒဏ်ရာရှိသူ ၁၁ ဦးမှ ၆ ဦး ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က မေ ၁၈ က စပြီး ဝိုင်းမော် မြို့နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်တပ်ကလည်း လေကြောင်းကနေ ပြန်လည်ပစ်ခတ် ဗုံးကြဲခဲ့ပေမဲ့ စစ်တပ်စခန်း အကြီးအသေး ၁၀ ခု ထက်မနည်း KIA သိမ်းနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013