DVB Logo
Home
မြန်မာသတင်း
နဝတစစ်အစိုးရအဖွဲ့ဝင်ဟောင်း ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ကျော်ဘ ကွယ်လွန်
DVB
·
May 21, 2024
နဝတစစ်အစိုးရအဖွဲ့ဝင်ဟောင်း ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ကျော်ဘ ကွယ်လွန်
Donate to DVB

ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ခြေလျင်တပ်ရင်းတွေကို ဦးဆောင်ပြီး ဖြိုခွဲခဲ့တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ မေ ၂၀ ရက် မနက်က မင်္ဂလာဒုံစစ်ဆေးရုံ အထူးကုသဆောင်မှာ ကွယ်လွန်ခဲ့တယ်လို့ မင်္ဂလာဒုံတပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အသက် ၈၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘဟာ မင်္ဂလာဒုံစစ်ဆေးရုံ အထူးကုသဆောင်မှာ ဆေးကုသနေတာ ရက်အနည်းငယ်ရှိပြီဖြစ်ကာ မေ ၂၀ ရက် မနက် ၁၁ နာရီက သေဆုံးခဲ့တာဖြစ်တယ်လို့ မင်္ဂလာဒုံစစ်ဆေးရုံနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“ဒီနှစ်ထဲမှာ ကျန်းမာရေး အရမ်းချူချာတာ။ ဒီနှစ်ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားတောင် မတက်နိုင်ဘူး။ အရင်ကတည်းက ဆီးချိုရှိတယ်။ လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ အရင်နှစ်တွေက သူ့မိသားစုက မင်္ဂလာဒုံစစ်ဆေးရုံနဲ့ ပရဟိတကျောင်းတွေကို လှူသေးတယ်။”

ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ကျော်ဘဟာ (ကြည်း - ၇၉၂၄) ဗကသ ၂၄ ကျောင်းဆင်းတဦး ဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် တိုင်းမှူးဖြစ်နေချိန် ၁၉၈၅ ခုနှစ်မှာ ဗိုလ်မှူးကြီးအဆင့်သာရှိတယ်လို့ အငြိမ်းစားအရာရှိတဦးက ပြောပါတယ်။

“အဆိုတော် အယ်လ်ခွန်းရီအဖေ တိုင်းမှူးဖြစ်နေတဲ့အချိန်မှာ သူက ဗိုလ်မှူးကြီးပဲ ရှိသေးတယ်။ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် လုပ်ကြံခံရတော့ ၈၆ မှာ ဗိုလ်မှူးချုပ်ရာထူး တိုးပေးတယ်။ ၈၈ မှာ စစ်တပ်က အာဏာသိမ်းပြီး နဝတဖွဲ့တော့ သူပါလာတယ်။”

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဗိုလ်ချုပ်ကြီးစောမောင်က ဥက္ကဋ္ဌနေရာယူပြီး အဖွဲ့ဝင် ၂၀ ဦးနဲ့ ဖွဲ့စည်းခဲ့ရာ ဗိုလ်မှူးချုပ်ကျော်ဘ ပါဝင်လာခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်က တပ်မတော်နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်က ဗိုလ်ချုပ်မှူးကြီးရာထူးယူကာ ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၂၃ ဦးနဲ့ နဝတကို အသစ်ပြန်လည်ဖွဲ့စည်းရာမှာ ဗိုလ်မှူးချုပ်ကျော်ဘဟာ ဗိုလ်ချုပ် ဖြစ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးသန်းရွှေဟာ ၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖြုတ်ချပြီး နဝတအစိုးရအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရာမှာ ဗိုလ်ချုပ်ကျော်ဘ ပါဝင်ခဲ့ပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဘဟာ စစ်ရေးအမြင်ရှိသူ တိုက်ခိုက်မှုစွမ်းရည်ကောင်းပြီး အမြော်အမြင်ရှိသူတဦးဖြစ်တာကြောင့် နေရာလုလာမှာ စိုးရိမ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၁၉၉၂ စက်တင်ဘာ ၂၄ ရက်မှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နေရာပေးကာ အရပ်ဘက်ကို ပို့လိုက်ပါတယ်။

“အဲ့တုန်းက တိုင်းမှူးတွေဖြစ်တဲ့ ဗိုလ်ချုပ်အေးသောင်းကို အလုပ်သမားဝန်ကြီး၊ ဗိုလ်ချုပ်ကျော်ဘကို ဟိုတယ်နဲ့ခရီး၊ ဗိုလ်ချုပ်ထွန်းကြည်ကို ကုန်သွယ်ရေးဝန်ကြီး ပေးပြီး အရပ်ဘက်ပို့လိုက်တာ။”

အရပ်ဘက်ပို့ခံရတဲ့ တိုင်းမှူးတွေ စိတ်ချမ်းသာစေဖို့ ၁၉၉၃ ခုနှစ် မတ်လ ၂၇ ရက်မှာ ဦးသန်းရွှေက ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ပေးခဲ့တယ်လို့ ရှင်းပြပါတယ်။

ဒီလိုတိုးမြှင့်ပေးပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ ဒုဗိုလ်ချုပ်ကြီးကျော်ဘ၊ ဒုဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဒုဗိုလ်ချုပ်ကြီးမျိုးညွန့်၊ ဒုဗိုလ်ချုပ်ကြီးအောင်ရဲကျော်၊ ဒုဗိုလ်ချုပ်ကြီးမြသင်း၊ ဒုဗိုလ်ချုပ်ကြီးစိန်အောင်၊ ဒုဗိုလ်ချုပ်ကြီးအေးသောင်၊ ဒုဗိုလ်ချုပ်ကြီးမြင့်အောင်၊ ဒုဗိုလ်ချုပ်ကြီးကျော်မင်း စတဲ့ ဒုဗိုလ်ချုပ်ကြီး ၁၃ ဦးကို အနားပေးကာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖွဲ့ကို ဦးသန်းရွှေက ဖွဲ့စည်းခဲ့ပါတယ်။

ဦးသန်းရွှေက ဒုဗိုလ်ချုပ်ကြီး ၁၃ ဦးကို တာဝန်ရပ်နားခဲ့ပေမဲ့ အဆိုပါ ၁၃ ဦးနဲ့ပဲ နအဖအကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၁၉၉၈ ခုနှစ် ဇွန်လ ၅ ရက်မှာ ဖျက်သိမ်းလိုက်ပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးလည်းဖြစ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးလည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးကျော်ဘကို အငြိမ်းစားပေးပြီးကတည်းက ဦးသန်းရွှေဟာ တပ်မတော်နေ့လို အခမ်းအနားကို ဖိတ်လေ့မရှိဘူးလို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘတို့လို သက်ကြီး အငြိမ်းစားစစ်မှုထမ်းဟောင်းတွေကို ဖိတ်ကာ သြဝါဒခံယူလေ့ ရှိတယ်လို့လည်း သိရပါတယ်။

၂၀၁၉ နဲ့ ၂၀၂၀ မှာ ပြုလုပ်တဲ့ ၇၄ ကြိမ်နဲ့ ၇၅ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့အတူ တက်ရောက်ကာ မိန့်ခွန်းတွေ ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှာ အမိန့်အမှတ် ၆၃/၂၀၂၂ နဲ့ သမ္မတဟောင်း ဦးစိန်လွင်၊ သမ္မတဟောင်း ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးချုပ်သန်းတင်၊ ဗိုလ်မှူးချုပ်ချစ်ဆွေ၊ ဒုဗိုလ်ချုပ်ကြီးကျော်ဘ၊ ဒုဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဒုဗိုလ်ချုပ်ကြီးချစ်ဆွေ၊ ဒုဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ ဒုဗိုလ်ချုပ်ကြီးစိန်အောင်၊ ဒုဗိုလ်ချုပ်ကြီးမြင့်အောင်၊ ဒုဗိုလ်ချုပ်ကြီးအောင်ရဲကျော် တို့ကို သရေစည်သူဘွဲ့ ပေးခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၉ အရွယ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးကျော်ဘရဲ့ နာရေးကို မတ် ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲမှာ မင်္ဂလာဒုံမြို့နယ်၊ ရှင်ဂျော့ဂျက် ခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013