DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဦးစီးသူများကို တရားစွဲ
DVB
·
September 18, 2014
မကွေးမြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဦးစီးသူများကို တရားစွဲ
Donate to DVB

မကွေးတိုင်းမကွေးမြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုတွေ့ဆုံပွဲကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူ ၁၁ ဦးကို မကွေးမြို့မရဲစခန်းက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

မကွေးမြို့မရဲစခန်းမှာ ဒီမနက် သူတို့တတွေကို ဆင့်ဆိုမေးမြန်းပြီးတဲ့နောက် ရဲက ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲလိုက်တာဖြစ်ပြီး ဒီနေ့ နေ့ခင်း ၁ နာရီ မကွေးမြို့တရားရုံးမှာ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

[caption id="attachment_65284" align="alignright" width="300"]ဇွန်လ ၉ ရက်နေ့က မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော် က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောစဉ် ဇွန်လ ၉ ရက်နေ့က မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော် က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောစဉ်[/caption]

တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးတင်အောင်ထွန်းက ခုလို ပြောပါတယ်။

“တရားလို ဦးသောင်းရွှေကနေပြီးတော့ ရဲစခန်းမှာ ပုဒ်မ (၄၄၇) ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်တယ်၊ ရဲက ကျနော်တို့ကိုခေါ်ပြီးတော့ ၄ ရက် ခုနှစ်လတုန်းက စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ဘာနဲ့စွဲတင်ရမလဲဆိုပြီးတော့ သူက ဥပဒေရုံးကို အကြံပေးတောင်းတယ်။ ဥပဒေရုံးကနေပြီးတော့ သူက ၄၄ရ နဲ့ စွဲပါဆိုပြီးတော့ စာထွက်တယ်။ အဲလိုထွက်တဲ့အတွက် သူက တရားရုံးကို ပုဒ်မ ၄၄ရ နဲ့ စွဲတင်တယ်။ တရားရုံးက အဲလိုတင်လိုက်ပြီဆိုရင်တော့ သူက စစ်ဆေးဆောင်ရွက်တာကို လုပ်မယ်။ အခုလောလောဆယ်ကတော့ ဒါပါပဲခင်ဗျာ” လို့ ပြောပါတယ်။

ဒီနှစ် ဇွန်လ ၉ ရက်နေ့က မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားဝင်းမှာ  ကျင်းပခဲ့တာပါ။

မကွေးတိုင်းသာသနာရေး ဦးစီးမှူး ဦးသောင်းရွှေက ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပူးပေါင်းကော်မတီက ၁၁ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်တိုင်ကြားခဲ့တဲ့အပေါ် မြို့မရဲစခန်းက ဒီကနေ့ မနက် ဆင့်ခေါ်မေးမြန်းပြီး တရားရုံးကို စွဲတင်တာပါ။

တရားရုံးတင်စွဲဆိုခံရတဲ့ ပူးပေါင်းကော်မတီဝင် ၁၁ ဦးကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးနေမျိုးကျော်၊ ဦးသန်းအောင်၊ ဦးသန်းနိုင်၊ ဦးချစ်ထွေး၊ ဦးရဲတင့် ဦးစိုးမိုးတို့ဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း မကွေးမြို့က ဦးလှဆန်း၊ ဦးမောင်မောင်စိုး၊ ဦးသန်းထွန်းအောင်၊ ဦးညိုအေးနဲ့ ဦးထွန်းဦးခိုင်တို့ ဖြစ်ကြပါတယ်။

ဦးနေမျိုးကျော်က “အဓိကအချက်ကတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကွေးမြို့မှာလုပ်ခဲ့တဲ့ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲနဲ့ပတ်သက်လာရင် သက်ဆိုင်ရာ ဘုရားဝင်းဂေါပက၊ သက်ဆိုင်ရာ ရယက အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေနဲ့ ဥပဒေအရရော၊ နိုင်ငံရေးအရရော ညှိနှိုင်းဆောင်ရွက်ခဲ့တယ်။ ကျနော်တို့ဘက်က သက်သေအထောက်အထားတွေ အပြည့်ရှိတယ်။ ကျနော်တို့ဘက်က အမှန်တရားရှိတဲ့အတွက် ကျနော်တို့ဘက်ကတော့ ကျနော်တို့ကို တရားစွဲသည်ဖြစ်စေ၊ အမှုဆင်ထောင်ချောက်ဆင် ဖမ်းဆီးဖို့၊ ထောင်ချဖို့ သူတို့ဘက်က ပြင်ဆင်သည်ဖြစ်စေ ကျနော်တို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဥပဒေနဲ့အညီ ရင်ဆိုင်သွားမယ်။ ကျနော်တို့ အမှားမကျူးလွန်ခဲ့ဘူး။ တရားခွင်မှာ ဥပဒေနဲ့အညီ ရင်ဆိုင်သွားဖို့ပါပဲ” လို့ ပြောပါတယ်။

မကွေးမြို့နယ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နာယက ဦးလှဆန်းကလည်း “ပြီးလည်း ပြီးခဲ့ပြီလေ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၄ လလောက်ရှိပြီ အောင်လည်း အောင်မြင်တယ်။ စည်းကမ်းတကျလည်း ဖြစ်ခဲ့တယ်။ ဘာတခုမှလည်း ကျူးလွန်တာမရှိဘူး။ ဒါ တမင်သက်သက် လုပ်ချင်လို့ကို လုပ်တယ်လို့ ပြောချင်တယ်။ ကျနော်တို့ ပူးပေါင်းကော်မတီ အနေနဲ့ ဒီဖြစ်စဉ်ကို တက်ညီလက်ညီနဲ့ ပူးပေါင်းဖြေရှင်းသွားပါမယ်” လို့ ပြောပါတယ်။

မကွေးတိုင်း အန်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူး ဦးနေမျိုးကျော်က တရားဥပဒေပါ အခွင့်အရေးတွေကို မှန်မှန်ကန်ကန်ပေးဖို့လိုတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ဟာ ကိုယ်တိုင် အာမခံတောင်းခွင့်ရှိပါတယ်။ မပေးဘူးဆိုရင်တော့ ကျနော်တို့တတွေဟာ တခြားသူနဲ့ အာမခံ လုပ်မှာ မဟုတ်ပါဘူး။ ဖမ်းချင်လည်း ဖမ်းနိုင်တယ်။ ကြိုက်တဲ့ အရေးယူမှုကို ပြုလုပ်နိုင်ပါတယ်။ ကျနော်တို့ ဥပဒေနဲ့အညီ ရင်ဆိုင်နေပါလျက်နဲ့ ကျနော်တို့ကို မတရားတဲ့ဥပဒေပုဒ်မတွေနဲ့ ကျနော်တို့ကို တုံ့ပြန်မယ်ဆိုရင်တော့ အဘဦးဝင်းတင် ပြောဖူးတဲ့စကား၊ အန်အယ်လ်ဒီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မတရားတဲ့ အမိန့် အာဏာတွေကို ကျနော်တို့ တာဝန်အရ ဖီဆန်သွားမယ်၊ ခုခံသွားမယ်၊ ပြန်လည်တုံ့ပြန်သွားမယ်” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးပိုင်းက လူထုဟောပြောပွဲကို အေးစေတီဘုရားဝင်းမှာ ကျင်းပဖို့ ခွင့်ပြုရာကနေ မြသလွန်ဘုရားဝင်းမှာ ပြောင်းလုပ်ဖို့ ပြောခဲ့တယ်။ ဒါပေမယ့် ပွဲစီစဉ်ဖိတ်ကြားထားတဲ့အတွက် မူလနေရာမှပဲ စီစဉ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

လူထုဟောပြောပွဲ ကျင်းပပြီး ရက်ပိုင်းကတည်းက အုပ်ချုပ်ရေးပိုင်းက ပွဲဦးစီးကျင်းပသူ တချို့ကို အသံချဲ့စက်ဥပဒေပုဒ်မနဲ့ တရားလိုလုပ်ပြီးစွဲဆိုလို့ တရားရင်ဆိုင်နေရချိန်မှာ အခုနောက်ဆုံး ပိုင်နက်ကျူးလွန်မှုနဲ့ ထပ်မံစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013