DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၄ လအတွင်း အိမ်အလုံး ၈၀ ကျော်ကို စစ်ကောင်စီ ချိပ်ပိတ်
DVB
·
May 19, 2024
ဧရာဝတီတိုင်းတွင် ၄ လအတွင်း အိမ်အလုံး ၈၀ ကျော်ကို စစ်ကောင်စီ ချိပ်ပိတ်
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၄ လအတွင်း စစ်ကောင်စီက နေအိမ်အနည်းဆုံး အလုံး ၈၀ ကျော်အထိ ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး အရပ်သားတွေရဲ့ နေအိမ်တွေအများဆုံး ချိပ်ပိတ်ခံခဲ့ရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

PDF တွေကို ထောက်ပံ့တာ၊ အားပေးတာ၊ ချိတ်ဆက်ကူညီနေတာကြောင့်လို့ စွပ်စွဲပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လအတွင်း လူနေအိမ် အနည်းဆုံး ၈၂ လုံး ချိပ်ပိတ်သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီက အရပ်သားတွေကိုပဲ ပစ်မှတ်ထားနေတာ။ သူတို့လုပ်ရပ်ကို ကြည့်ရင်သိသာတယ်လေ။ ၄ လအတွင်း ချိပ်ပိတ်ခံရတဲ့ အိမ်အများစုက အရပ်သားတွေရဲ့အိမ်တွေပါ။ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့တယ်၊ အားပေးတယ်လို့ စွပ်စွဲပြီး အရပ်သားတွေ ပိုင်ဆိုင်တဲ့အရာမှန်သမျှ သိမ်းနေတာ။ လူကိုလည်းတွေ့ရင်ဖမ်းသေးတယ်” လို့ ပြောပါတယ်။

ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရတဲ့ လူနေအိမ် အလုံး ၈၀ ကျော်မှာ ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ရေကြည်၊ ဟင်္သာတ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပန်းတနော်၊ ဓနုဖြူ၊ ဇလွန်၊ ငပုတောနဲ့ လပွတ္တာ စတဲ့မြို့နယ်တွေက နေအိမ်တွေအများ ဆုံး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဟင်္သာတမြို့ခံတယောက်က “စစ်ကောင်စီက မကောင်းတာ အကုန်လုပ်တယ်။ အရပ်သားတွေ ပြည်သူတွေဆိုတာ ဘာမှမရှိဘူး။ ဟိုရက်က ရပ်ကွက်ထဲက ကိုယ့်ဝန်ထမ်း ကျောင်းဆရာမလေးတောင် PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းခဲ့သေးတာလေ။ ကျမတို့ ပြည်သူတွေကိုဖမ်း၊ ပိုင်ဆိုင်တာလေးတွေကို သိမ်း လုပ်နေတာလောက်တော့ ဘယ်ပြောပလောက်မလဲ။ ကျမတို့ စစ်ကောင်စီလုပ်လို့ ဘဝပျက်နေပြီ၊ ပျက်စရာမရှိတော့ပါဘူး” လို့ ပြောပါတယ်။

ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့ နေအိမ်ပိုင်ရှင် အများစုကိုလည်း အကြမ်းဖက် ဥပေဒေပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည် အညို ပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်ကြောင်း ကြေညာထားတဲ့သူတွေပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ထားခြင်း မရှိတဲ့သူတွေလည်း ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ လူနေအိမ်တွေဟာ NLD ပါတီဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေအိမ်အလုံး ၃၀ လောက်သာပါပြီး ကျန်တဲ့ နေအိမ်အလုံး ၅၀ ကျော်ဟာ ဒေသခံ အရပ်သားတွေရဲ့ နေအိမ်တွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

Photo - Kyaw Tu၊ တော်ဝင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013