DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
စစ်ကိုင်းတိုင်း၌ စစ်တပ် ဗုံးကြဲမှုများကြောင့် နေအိမ်နှင့် ဆီဘောက်ဆာကားများ မီးလောင်
DVB
·
April 21, 2026
စစ်ကိုင်းတိုင်း၌ စစ်တပ် ဗုံးကြဲမှုများကြောင့် နေအိမ်နှင့် ဆီဘောက်ဆာကားများ မီးလောင်
1 / 2
Photo: ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကံထူးမကျေးရွာ နယ်မြေရဲစခန်းအနီးမှာရှိတဲ့ ဈေးတန်းကို စစ်အာဏာရှင်တပ်က ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် မီးလောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တန့်ဆည်မြို့နယ် အနောက်မြောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ လေကြောင်းကနေ ၈ ကြိမ် တိုက်ခိုက်တာဖြစ်ပြီး နေအိမ်တချို့နဲ့ ဆီဘောက်ဆာကားတွေ မီးလောင်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “အရပ်သားတွေ သွားလာနေတဲ့ နေရာပေါ့။ ကံထူးမရွာဈေးတန်းကို ဗုံးကြဲတာ။ မီးလောင်နေတာတော့ တွေ့တယ်။ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပထမ နှစ်ကြိမ် လာကြဲတယ်။ နောက်တခေါက်က ဂျက်ဖိုက်တာတစီးနဲ့ပဲ ၆ ကြိမ်ဆက် ကြဲသွားတာ။ အရပ်သား ထိခိုက်တာတော့ ရှိတယ်။ အသေးစိတ်ကိုတော့ မကြားမသေးဘူး” လို့ DVB ကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တချို့နဲ့ ဆီဘောက်ဆာကားတွေ မီးလောင်နေပြီး အရပ်သား ၄ ယောက်ခန့် ဒဏ်ရာရရှိထားတယ်လို့လည်း သိရပါတယ်။

အဲဒီ ကံထူးမရွာနဲ့ ရဲစခန်းကို တော်လှန်ရေးတပ်တွေက ၂၀၂၄ ခုနှစ်မှာ ထိန်းချုပ်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူထိခိုက် သေဆုံးတာတွေ ရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်ထဲမှာ စစ်တပ်က စစ်ကြောင်းထိုးနေသလို ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

စစ်တပ်က ဧပြီ ၈ ရက်ကစလို့ ရွာတွေကို ဝင်ရောက် စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၂၀ ဝန်းကျင်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရသလို ယင်းမာပင် အနောက်ဘက်ခြမ်းက ရွာတွေကို ဧပြီ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအမည်တွေကို ဖော်ပြလိုခြင်းမရှိဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးရဲဘော်တယောက်က “ပါရာမော်တာတွေကော၊ ဒရုန်း၊ ဂျက်ဖိုက်တာ၊ Mi 35 နဲ့ပါ လေကြောင်းတိုက်ခိုက်နေတာ။ အရပ်သားတွေ ထိခိုက်တာတွေတော့ ရှိတယ်။ အရေအတွက်ကိုတော့ မသိရသေးဘူး။ အဓိကတော့ ယင်းမာပင် အနောက်ဘက်ခြမ်းကို တိုက်ခိုက်နေတာ။ ဒီနေ့လည်း ယင်းမာပင်ကို လေကြောင်းကနေ တိုက်ခိုက်တာရှိတယ်။ အသေးစိတ်ကိုတော့ ပြောပြလို့မရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အင်အား ၇၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေထဲကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပုလဲနယ်ထဲမှာတော့ အင်အား ၆၀၀ ဝန်းကျင်၊ ယင်းမာပင်နယ်ထဲမှာတော့ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ပုလဲမြို့နယ်ထဲက လည်ငေါက်ရွာမှာ တပ်စွဲပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပြီးတော့ ဧပြီ ၁၂ ရက်၊ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ အဲဒီရွာကို မီးရှို့ဖျက်ဆီးခဲ့သလို သရက်ကန်ရွာကိုလည်း ဝင်မွှေခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၂ ရက်ကလည်း ယင်းမာပင်မြို့နယ်ထဲက ငါးမောင်ရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးပြီး အသက် ၇၀ အရွယ် အမျိုးသားတယောက်နဲ့ ၁၁ နှစ်အရွယ် မိန်းကလေးတို့ ဒဏ်ရာရခဲ့ပါတယ်။

ဧပြီ ၁၀ ရက်မှာလည်း ပုလဲနယ် သရက်ကန်ရွာအနီးမှာ စစ်တပ်က သတ်ဖြတ်သွားတဲ့ အမျိုးသား ၃ ယောက် အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

စစ်အာဏာရှင်နဲ့ ပူးပေါင်းသွားတဲ့ ဗိုလ်နဂါး ကြီးစိုးရာ ပုလဲမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးနေချိန် လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မတ် ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်တွေကလည်း ပုလဲမြို့နယ်၊ မရိုးတုံးရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့သလို ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ပိတောက်ကုန်းရွာကို ဗုံးကြဲတာမှာလည်း အရပ်သား ၂ ယောက်၊ ချင်ပြစ်ရွာကို ဗုံးကြဲတာကြောင့်လည်း အမျိုးသားတယောက်နဲ့ အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013