DVB Logo
Home
မြန်မာသတင်း
ပွင့်လင်းမြင်သာမှုအားနည်းသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများ အခက်အခဲတွေ့
DVB
·
September 18, 2014
ပွင့်လင်းမြင်သာမှုအားနည်းသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများ အခက်အခဲတွေ့
Donate to DVB

မြန်မာနိုင်ငံမှာ မြေယာအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဖိတ် ခေါ်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု အားနည်းမှု ရှိတဲ့အပြင် သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးရဲ့ လုပ်ဆောင်ချက်တွေကလည်း မတူညီတဲ့အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူတွေအဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

Acid Factoryအစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ နိုင်ငံတကာက စီးပွားရေးသမားတွေက မြန်မာနိုင်ငံရဲ့ အိမ်ယာနဲ့ မြို့ပြစီမံကိန်းနဲ့ ပတ်သတ်လို့ အစိုးရက တင်ဒါခေါ်ယူတဲ့နေရာမှာ ဌာနဆိုင်ရာ အသီးသီးရဲ့ လုပ်ဆောင်ချက်တွေ အမျိုးမျိုးကွဲပြားနေတာနဲ့ ပတ်သက်ပြီးလည်း ဝေဖန် ထောက်ပြ ဆွေးနွေးသွားခဲ့ကြတာပါ။

အဆိုပါဖိုရမ်ကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ သူရ ဆွစ် (Thura Swiss) ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာအောင်သူရက ဒီကနေ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီကို အခုလိုပြောပါတယ်။

“အစိုးရဌာနတွေက တင်ဒါ လုပ်တယ်ဆိုရင် တင်ဒါ လုပ်ငန်းစဉ်က ဌာနတိုင်းက တမျိုးစီ ဖြစ်နေတယ်။ တင်ဒါကို နည်းတမျိုးထဲ လုပ်ဖို့ သင့်တယ်။ နိုင်ငံခြားကုမ္ပဏီတွေက တင်ဒါထဲ ၀င်ပြိုင်ဖို့က မလွယ်လှဘူးလို့ ပြောကြတယ်။ ဒါကြောင့် တင်ဒါဝင်ပြိုင်တာ ပြည်တွင်းကုမ္ပဏီတွေက လုပ်တယ်။ ပြီးတော့မှ သူတို့က နိုင်ငံခြားသားနဲ့ ဘယ်လို ပေါင်းလုပ်မလဲ ဆိုတာကို ပြန်ပြီး ရှာတယ်ပေါ့။”

ဒီကိစ္စ ဌာနတခုတည်းကနေ ကိုင်တွယ်ဖို့ လိုတဲ့အကြောင်းနဲ့ အစကတည်းက ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေ ထားရှိမှသာ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ၀င်ပြိုင်ဖို့ လွယ်ကူမှာ ဖြစ်တယ်လို့ ပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်း ဒေါက်တာအောင်သူရက ဆက်လက်ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန တွေ ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကြောင့် စီးပွားရေးသမားတွေ အတွက် လွယ်ကူချောမွေ့မှုမရှိဘဲ အခက်အခဲရှိနေသလို ပြည်တွင်းမှာ မြေယာတန်ဖိုးတွေ ကြီးမြင့်မှုကလည်း ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အတားအဆီးသဖွယ် ဖြစ်နေတာပါ။

နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က တော့ ဒါကတော့ ၀ယ်လိုအားနဲ့ ရောင်းလိုအားက မျှတမှု မရှိတဲ့အတွက်ကြောင့် ဖြစ်တဲ့အကြောင်းနဲ့ ရေတိုကာလအနေနဲ့ ရောင်းလိုအားကို ချဲ့ထွင်ပေးဖို့လိုတဲ့အကြောင်း ပြောပါတယ်။

တတိယအကြိမ်မြောက် မြန်မာနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြုပ်နှံမှု ဖိုရမ်ကို နေပြည်တော်မှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပတာပါ။

ဒီဖိုရမ်အတွင်းမှာတော့ ပြည်ထောင်စုဝန်ကြီးတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက ပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများအပြား တက်ရောက်ပြီး ပြည်တွင်းအထူး စီးပွားရေးဇုန်၊ ဘဏ်လုပ်ငန်းနဲ့ တခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်စီးပွားကိစ္စတွေမှာ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013