DVB Logo
Home
မြန်မာသတင်း
ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ဖော်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာရန်လို
DVB
·
September 18, 2014
ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ဖော်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာရန်လို
Donate to DVB

မြန်မာနိုင်ငံအတွက် အဓိက ၀င်ငွေရှာဖွေပေးနေတဲ့ ကမ်းလွန်နဲ့ ကုန်းတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကြပ်မတ်စောင့်ကြည့်ဖို့ကိစ္စ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

Oil-Land.jpg.pagespeed.icဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကမ်းလွန်နဲ့ ကုန်းတွင်း ရေနံ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကို ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ဖွဲ့ပြီး စောင့်ကြပ် ကြည့်ရှု့ဖို့ ရှိ၊ မရှိနဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှု၊ ရင်နှီးမြှုပ်နှံမှုနဲ့ အခွန်ပေးသွင်းမှုအပါအ၀င် သတင်း အချက်အလက်တွေကို ပြည်သူကို တင်ပြပေးနိုင်မှု ရှိ၊ မရှိဆိုတာကို ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် သူရဦးအောင်ကို က မေးမြန်းခဲ့တာပါ။

ဒီမေးခွန်းကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြန်ပြီး ဖြေကြားခဲ့ရာမှာ ၀န်ကြီးဌာနအနေနဲ့ ကုမ္ပဏီတွေရဲ့ ရင်နှီးမြှုပ်နှံမှုနဲ့ အခွန်ပေးသွင်းမှု စတာတွေကို အလျဉ်းသင့်သလို ပြည်သူကို တင်ပြပေးနေပါတယ်လို့ ဖြေကြားသွားပါတယ်။
“ကုမ္ပဏီများရဲ့ ၀င်ငွေ နိုင်ငံတော်က အခွန်ကောက်ရရှိမှု ဘဏ္ဍာငွေ သုံးစွဲမှု ဘတ်ဂျက်အခြေအနေ ပါဝင်တဲ့ နိုင်ငံတော် ဘဏ္ဍာငွေ ရနှုန်းဆိုင်ရာ အချက်အလက်များကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာလွတ်တော် အသီးသီးသို့ အတည်ပြု တင်ပြ ဆောင်ရွက်လျှက် ရှိပါကြောင်း တင်ပြပါတယ်။ ခုနက ကျနော်တင်ပြတဲ့အတိုင်း အဲဒီလို အချက်အလက်များကို အများပြည်သူတင်မက ကမ္ဘာက သိရှိရန်အတွက် EITI မှလည်း ထုတ်ပြန်သွားမှာဖြစ်သလို အခါအားလျှော်စွာ သတင်းစာတွေ အင်တာနက်စာမျက်နှာတွေမှ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း တင်ပြရင်း ကျနော်ရဲ့ ဖြေကြားချက်ကို နိဂုံးချုပ်ပါတယ်။”

ဒါပေမယ့် ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကိုတော့ ဖော်ပြဖို့ မဖြစ်နိုင်တဲ့အကြောင်းနဲ့ ရေနံနဲ့ ဓာတ်ငွေ့တူးဖော်ရေး တင်ဒါခေါ်ယူရာမှာ ပြည်သူတွေ သိဖို့အတွက် နိုင်ငံပိုင် အင်္ဂလိပ် သတင်းစာမှာ ကြေညာခဲ့တယ်လို့ လည်း ပြည်ထောင်စုဒုဝန်ကြီးက ပြောသွားပါတယ်။

မေးခွန်းမေးမြန်းခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ် သူရဦးအောင်ကိုကတော့ ကုမ္ပဏီတွေ အနေနဲ့ နည်းပညာကလွဲပြီး ကျန်တဲ့အချက်တွေကို ထုတ်ဖော်ပြောသင့်တယ်လို့ အခုလို ပြောပါတယ်။
“နည်းပညာဆိုတာ လျှို့ဝှက်ချက်ဖြစ်လို့ ကုမ္ပဏီတွေ အားလုံးလိုလိုက မပေးချင်ကြဘူး။ ပေးရင်လည်း တစိတ်တပိုင်းပဲ ပေးတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့မှ ဘာမှ မဝေဖန်လိုပါဘူး။ သို့သော် ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိတယ်။ ထုတ်လုပ်မှုက တနှစ်ကို ဓာတ်ငွေ့ကုဗမီတာ ဘယ်လောက် ရှိတယ်။ ရေနံက စည်ပေါင်း ဘယ်နှသန်းရှိတယ်။ ရောင်းချငွေက ၀င်ငွေဘယ်လောက်ရှိတယ်။ အဲဒီအပေါ်ကနေပြီးတော့မှ နိုင်ငံတော် အခွန်ငွေ ဘယ်လောက် ပေးသွင်းရတယ်။ ရှယ်တွေကို ဘယ်လို ရှယ်ယာခွဲပေးတယ်။ ဒါတွေက ပေးကို ပေးရမှာ ဖြစ်ပါတယ်။ မပေးလို့ကို မဖြစ်ပါဘူး။ ဒီလောက်မှ မပေးနိုင်ဘူးဆိုရင်တော့ ဒီကုမ္ပဏီလည်း ပွင့်လင်းမြင်သာမှု မရှိခြင်းသည် သူ့နောက်ကွယ်မှာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက် ချစားမှုတွေ ရှိနေနိုင်တယ်လို့ နိုင်ငံတကာ စွမ်းရည် စောင့်ကြည့်ရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။”

ပြီးတော့ ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ်မှာလည်း သူရဦးအောင်ကိုက အခုလို ဝေဖန် ပြောကြားလိုက်ပါတယ်။
“ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်မှု ကြေညာမှု မရှိမို့လို့ ကိုယ်စားလှယ်များက မေးနေတာ ဖြစ်ပါတယ်။ တချို့များဆိုရင် မေးခွန်းအမေးကို တိုက်ရိုက်ထိရောက်တဲ့ အဖြေ မဟုတ်ပဲနဲ့ ဝေ့လည်ကြောင်ပတ် ဖြေတာမျိုးတွေ ရှိပါတယ်။ ဒီနေ့အဖြေကတော့ အတိုင်းအတာ တခုအထိ ထိရောက်ပါတယ်။ နောက် ဒီမေးခွန်းရောက်နေတဲ့အချိန်ကစပြီး ၀န်ကြီးဌာနမှာလည်း အလုပ်များနေတယ်လို့ ကြားသိရပါတယ်။ အတိုင်းအတာတခုအထိ လက်ခံနိုင်ဖွယ် ရှိလို့ ထပ်ဆင့်မေးခွန်း မမေးတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေးလုပ်ကွက် ၃၃ ကွက်မှာ ကုမ္ပဏီပေါင်း ၁၈ ခုက လုပ်ကိုင်နေတာ ဖြစ်ပြီး မြန်မာပြည်မှာ ပြည်ပက လာရောက် ရင်းနှီးမြှပ်နှံနေတဲ့ အဓိက လုပ်ငန်းတခုလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013