DVB Logo
Home
မြန်မာသတင်း
မိုးမောက်နှင့် မံစီတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ
DVB
·
May 17, 2024
မိုးမောက်နှင့် မံစီတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့အနီးက ခမရ ၆၀၁၊ ခမရ ၃၁၉ တပ်ရင်းစခန်းနဲ့ မိုးမောက်မြို့အနီးက ခမရ ၄၃၇ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ် (KIA) က မေ ၁၇ ရက် မနက်အစောပိုင်းက စတင်ပြီး ပြန်လည်တိုက်ခိုက်နေသလို စစ်ကောင်စီက လေကြောင်း ပစ်ကူတွေနဲ့ ခုခံနေတယ်လို့ KIA နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

မိုးမောက်နဲ့ မံစီမြို့အနီးက စစ်ကောင်စီတပ်စခန်း ပတ်ဝန်းကျင်တွေမှာ နေ့စဉ် နှစ်ဖက် ထိတွေ့တိုက်ပွဲတွေရှိနေပြီး ကချင်လွတ်မြောက်ရေးတပ်မတော်က ဒီနေ့ မေ ၁၇ ရက်မှာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်တာလို့ ပြောပါတယ်။

“မံစီကော၊ မိုးမောက်ကော နှစ်ဖက် တိုက်ပွဲတွေရှိနေတယ်။ လွန်ခဲ့တဲ့ ၁၅ ရက်နေ့ကလည်း ကျနော်တို့ စစ်ဦးစီးချုပ်ဆုံးလို့ ဝမ်းနည်းခြင်းအနေနဲ့ ထိုးစစ်လုပ်တာ ရပ်ထားတယ်။ ကျနော်တို့ နားထားတော့ သူတို့ ပြန်တက်လာလို့ မိုးမောက်နားဘက် တိုက်ပွဲဖြစ်တယ်။ ကြိုးကြားတော့ ဖြစ်နေတယ်။ ဒီနေ့တော့ မံစီက တပ်စခန်းနှစ်ခုကော၊ မိုးမောက်တပ်ကိုကော ပြန်တိုက်နေပြီ။”

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာ ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်နေပြီး ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကိုကော လေယာဉ်နဲ့ ပျံဝဲနေတယ်လို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။

“မြို့ပေါ်မှာ လေယာဉ်ဝဲတာက မနေ့ညနေ ၅ နာရီကျော်လောက်ကလည်း ဂျက်လေယာဉ်နဲ့ ၈ ပတ်လောက်ပတ်ပြီး ဝဲနေတာ။ ဒီနေ့မနက်အစောကြီး ၅ ခွဲလောက်လည်း ဂျက်လေယာဉ်ပျံသွားတာ ကြားတယ်။ အခု မံစီဘက်လည်း လေယာဉ် ၉ စီးနဲ့ လာပစ်နေတာတဲ့၊ ဂျက်ကော ရိုးရိုးလေယာဉ်ကော၊ မံစီက ဆွေမျိုးတွေက တောင်ယာတွေဘက် ရှောင်နေတော့ သူတို့ဖုန်းဆက်လာတယ်။ တပ်(စကစ) ရှိတဲ့ ပတ်ဝန်းကျင်နဲ့ မြို့ထဲဘက်တွေ လာကြဲသွားတာတဲ့။ လေယာဉ်ကလည်း ဝဲနေတုန်းပဲ။”

မိုးမောက်မြို့မှာလည်း မေ ၁၆ ရက် ညနေမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် မိုးမောက် ခမရ ၄၃၇ တပ်စခန်းအနီး မံပုံကျေးရွာက နေအိမ်အများအပြား မီးလောင်ပျက်စီးသွားတယ်လို့ မြေပြင်က ကချင်လွတ်မြောက်ရေး တပ်သားတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနေ့ညနေပိုင်းက လေယာဉ်နဲ့ လာပစ်သွားလို့ ၄၃၇ တပ် မျက်နှာချင်းဆိုင် လမ်းကြားဘက်ကအိမ်တွေ အများကြီးလောင်သွားတယ်။ တညလုံးလောင်နေတာ များတော့များတယ်။ ဘယ်လောက်လောင်သွားတယ် ဆိုတာတော့ မသိရသေးဘူး။”

စစ်ကောင်စီဘက်ကလည်း မိုးမောက်မြို့က တိုက်ပွဲတွေအတွင်း ဒရုန်းအသုံးပြုပြီး မြေပြင်ကင်းထောက်မှု အဆက်မပြတ် ပြုလုပ်နေသလို ဒရုန်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း အများအပြား ပြုလုပ်နေတယ်လို့ သိရပါတယ်။

မိုးမောက်နဲ့ မံစီမြို့ကို စစ်ကောင်စီက ဗန်းမော်ကနေတဆင့် စစ်အင်အားတွေ ပို့ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒရုန်းအပါအဝင် လေကြောင်းပစ်ကူနဲ့ ဗန်းမော်မြို့ပေါ်က လက်နက်ကြီးပစ်ကူတွေ ပေးနေပြီး မိုးမောက်နဲ့ မံစီက တပ်စခန်းတွေ မဆုံးရှုံးဖို့ အပြင်းအထန် ခုခံနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013