
မနေ့ညကကန်သွားတဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းက နယူးကာဆယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နယူးကာဆယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။
မန်ယူအတွက် အနိုင်ဂိုးတွေကို မိုင်နူး၊ အာမက်နဲ့ တိုက်စစ်မှူး ဟွိုက်လန်းတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး နယူးကာဆယ်အတွက် သွင်းဂိုးတွေကိုတော့ ဂေါ်ဒွန်နဲ့ ဟောတို့က သွင်းယူပေးခဲ့တာပါ။
ဒီပွဲမှာ မန်ယူကွင်းလယ်ကစားသမား အမ်မရာဘတ်ရဲ့ ဖျက်ထုတ်မှုအတွက် ပင်နယ်တီမပေးတဲ့အပေါ် နယူးကာဆယ်ကစားသမား ဂေါ်ဒွန်က ကွင်းလယ်ဒိုင်ကို ဝေဖန်သွားပါတယ်။
ဂေါ်ဒွန်ဟာ ပင်နယ်တီဧရိယာထဲမှာ မန်ယူကွင်းလယ်လူ အမ်မရာဘတ်ရဲ့ အနောက်ကနေ တက်နင်းခံခဲ့ရပြီး ခြေစွပ်လည်း ပေါက်ပြဲသွားခဲ့ပေမဲ့ ပင်နယ်တီ သတ်မှတ်ပေးခြင်း မရှိခဲ့တာပါ။
ပင်နယ်တီဧရိယာထဲမှာ လုံးဝရှင်းလင်းတဲ့ ပြစ်ဒဏ်ဘောဖြစ်ပေမဲ့ ပင်နယ်တီ မရခဲ့တဲ့အပေါ် နားမလည်မိကြောင်း၊ ဒိုင်လူကြီးတွေ အမှားလုပ်တတ်တာ နားလည်နိုင်ပေမဲ့ VAR နဲ့ ပြန်လည်စစ်ဆေးပြီး အမှားကို ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိတဲ့အပေါ် နားမလည်နိုင်ကြောင်း ဂေါ်ဒွန်က ပြောပါတယ်။
Photo-Reuters










