Home
မြန်မာသတင်း
စားသုံးသူရေးရာညွှန်ချုပ် အပါအဝင် ညွှန်မှူး ၅ ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်
DVB
·
May 15, 2024
UMyintCho_15052024

စားသုံးဆီ၊ ဒေါ်လာပါမစ်ကိစ္စတွေနဲ့ ဖမ်းဆီးခံထားရတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုနဲ့ ညွှန်မှူး ၅ ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ညွှန်ချုပ် ဦးမြင့်ချိုနဲ့ ညွှန်မှူး ၅ ဦးကို ဖမ်းဆီးစစ်ဆေးပြီး ၈ လအကြာမှာ အဂတိလိုက်စားတဲ့ကိစ္စရပ်တွေ တွေ့ရှိပြီး ဝန်ထမ်းအဖြစ်မှ မတ် ၁၅ ရက်မှာ ထုတ်လိုက်တာလို့ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“စားသုံးဆီကိစ္စ၊ ဒေါ်လာကိစ္စတွေကို ဗိုလ်မှူးချုပ်ရန်နောင်စိုးနဲ့ ရှယ်ယာလုပ်တယ်ဆိုတာ သိလို့ ထုတ်လိုက်တာ။ ထုတ်တာက မတ်လ ၁၅ ရက်၊ ဧပြီလ ၁၁ ရက်မှာ စာထွက်တယ်၊ နိုင်ငံတော်ပြန်တမ်းက မေလ ၁၁ ရက်မှာ တရားဝင်ထုတ်တယ်။”

စစ်ကောင်စီက ဦးမြင့်ချိုကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလအတွင်းမှာ ဒုညွှန်ချုပ် ဦးခင်မောင်လှိုင်ကို ယာယီညွှန်ချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ကက(ကြည်း)မှ အငြိမ်းစား ဗိုလ်မှူးကြီးအောင်အောင် ကိုသာ တရားဝင်ညွှန်ချုပ်အဖြစ် ခန့်ခဲ့တယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဦးမြင့်ချိုကို စစ်တပ်က ဖမ်းပြီးတော့ ဒုညွှန်ချုပ်ကို ညွှန်ချုပ်အဖြစ် ခန့်တယ်။ ၃ လလောက် ကြာတော့ တပ်က အငြိမ်းစားဗိုလ်မှူးကြီးတယောက်ကို ညွှန်ချုပ်အဖြစ် ခန့်လိုက်တယ်။”

၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီ၊ စားသုံးဆီ၊ ဒေါ်လာပါမစ်၊ နိုင်ငံကူးလက်မှတ် စတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဗိုလ်မှူးချုပ်ရန်နောင်စိုး၊ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုနဲ့ ညွှန်မှူး ၅ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဖမ်းဆီးထားသူတွေထဲက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို ထောင်ဒဏ်အနှစ် ၂၀ နဲ့ညီမျှတဲ့ ထောင်ဒဏ်တသက်တကျွန်း အမိန့်ချမှတ်ခဲ့သလို ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ထောင်ဒဏ် ၅ နှစ် ချခဲ့ပါတယ်။

လတ်တလောမှာ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုနဲ့ ညွန်မှူး ၅ ဦးတို့ကို အဂတိပုဒ်မနဲ့ ဆက်လက်စစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024