
ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းနေရာကို စစ်တပ်က မတ် ၂၃ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဝက်စာခူးနေတဲ့ အမျိုးသားတယောက် သေဆုံးပြီး သူ့ရဲ့ ဇနီးဖြစ်သူ ဗုံးစထိမှန်ခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
မနေ့မနက် ၁၀ နာရီ ၁၅ မိနစ်မှာ စစ်ကောင်စီက ဒရုန်းဗုံးကြဲတဲ့အတွက် ဝက်စာခူးနေတဲ့ အသက် ၃၂ နှစ်အရွယ် ခူးလွှီးဇီ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ မော်စိုးမိုးက ထိခိုက်မိတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “အဲဒီဘက်မှာ တိုက်ပွဲမရှိဘူး၊ ဒီးမော့ဆိုနဲ့ ဖရူဆို ကားလမ်းမတောက်လျှောက်မှာ တရွာခြားစီ စစ်တပ်က တပ်စွဲတာတော့ ရှိတယ်။ ရွာက လမ်းဘေးပေါ့၊ သူတို့က ပြန်တော့မနေသေးဘူး၊ ဒါပေမဲ့ ဝက်စာတို့ ဘာတို့ ခူးရင်း ပြန်ကြတာ၊ ဝက်စာရှာရင်းနဲ့ ဒရုန်းနဲ့ကြဲတာ ခံရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲမရှိပေမဲ့ စစ်ဘေးရှောင်ပြည်သူတွေရှိရာ နေရာကို လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရပြီး နေရာရွှေ့ပြောင်းနေကြရပါတယ်။
မတ် ၁၅ ရက် ညနေပိုင်းမှာ စစ်တပ်က ဖရူဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ခုလက်ရှိမှာ စစ်တပ်က ဖရူဆို-ဘောလခဲ တလျှောက်ကို စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေလည်း ရှိနေပါတယ်။











