DVB Logo
Home
မြန်မာသတင်း
Demand Letter ကျထားသူများ ပြည်ပထွက်ခွင့်မသေချာသဖြင့် အလုပ်စာချုပ်ချုပ်ရန် အခက်ကြုံ
DVB
·
May 14, 2024
Demand Letter ကျထားသူများ ပြည်ပထွက်ခွင့်မသေချာသဖြင့် အလုပ်စာချုပ်ချုပ်ရန် အခက်ကြုံ
Donate to DVB

မေ ၁ ရက်နောက်ပိုင်း ပြည်ပအလုပ်ခေါ်စာ (Demand Letter) ကျထားတဲ့ မြန်မာအလုပ်သမားတွေထဲက  အသက် ၂၃ ကနေ ၃၁ နှစ်အတွင်းရှိတဲ့ အမျိုးသားတွေအနေနဲ့ ပြည်ပကို ထွက်ခွာခွင့်ရရှိဖို့ မသေချာတာကြောင့် အလုပ်စာချုပ် မချုပ်ဖြစ်ကြတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

အဲဒီလို Demand Letter ကျထားပြီး သတ်မှတ်အသက်အပိုင်းအခြားရှိသူတွေ အနေနဲ့ ပြည်ပကိုသွားရောက်ဖို့ တားမြစ်ခံရရင် ပေးသွင်းထားတဲ့ ဝန်ဆောင်ခ ပြန်မရဘူးလို့ အေဂျင်စီဘက်က ပြောဆိုလာတာကြောင့် စာချုပ်မချုပ်တော့တာမျိုး ရှိနေတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်ဖို့ အလုပ်ခေါ်စာကျထားသူတဦးက “စာချုပ်ချုပ်ဖို့သွားတော့ အသက်က အကျုံးဝင်တဲ့အထဲ ပါနေတယ်ဆိုပြီး အလုပ်သမားရုံးက ဆရာမတယောက်က ပြောတယ်။ စာချုပ် ချုပ်ချင်လည်းချုပ်၊ လေဆိပ်ရောက်မှ ထွက်မရရင် ပိုက်ဆံပြန်မအမ်းဘူးလို့ အေဂျင်စီဘက်ကလည်းပြောတော့ အကုန်လုံးက စဥ်းစားကုန်တယ်။ ပိုက်ဆံက အလကားဆုံးရှုံးမှာဆိုတော့ ကျနော်တော့ မချုပ်ဘဲ ပြန်လာခဲ့လိုက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အမျိုးသားလုပ်သားတွေရဲ့ Demand Letter အသစ်တင်တာကို မေ ၁ ရက်ကစပြီး ရပ်ထားဖို့ ကနဦး နှုတ်နဲ့ညွှန်ကြားပြီးနောက် အသက် ၂၃ ကနေ ၃၁ အထိ ရှိသူတွေရဲ့ Demand Letter မတင်ဖို့ ထပ်မံပြောင်းလဲ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီညွှန်ကြားမှုတွေက တရားဝင်စာထုတ်တာမဟုတ်လို့ ပြည်ပအလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဥ်တွေမှာ ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့လည်း အေဂျင်စီအသိုင်းအဝိုင်းက ဆိုပါတယ်။

မေ ၁၃ ရက်ကက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပင်လုံခန်းမမှာ ပြည်ပအလုပ် သွားရောက်လုပ်ကိုင်ရေး စာချုပ်ချုပ်ဖို့ သွားရောက်သူတွေတွေထဲက အသက်အကျုံးဝင်သူတွေ အနေနဲ့ လေဆိပ်မှာ တားဆီးခံရနိုင်တယ်ဆိုတဲ့ သတင်းစကားကြောင့် စာချုပ်မချုပ်ဘဲ ပြန်သွားကြသူတွေရှိသလို မျှော်လင့်ချက်နဲ့ စာချုပ်ချုပ် ငွေပေးသွင်းလိုက်သူတွေလည်း ရှိတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တဦးက “တော်တော်များများ စာချုပ်မချုပ်တော့ဘဲ ပြန်သွားကြတယ်။ တချို့တွေဆို နယ်ကနေလာတဲ့သူတွေ။ အခြေအနေက ဘာမှန်းမသိ၊ ညွှန်ကြားချက်ကလည်း ပွင့်ပွင့်လင်းလင်းမရှိတော့ အတော်ဒုက္ခရောက်ကြတယ်” လို့ ပြောပါတယ်။

အဲဒီလို အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ကိုင်မှုကို ကန့်သတ်ထိန်းချုပ်တာဟာ ထိုင်းနိုင်ငံကိုသွားမယ့်သူတွေကို ရည်ရွယ်တာလို့ ကနဦး သတင်းထွက်ခဲ့သလို နိုင်ငံအားလုံးကို ကန့်သတ်တာ ဆိုပြီးတော့လည်း အေဂျင်စီတွေဆီက သိရပါတယ်။

လက်ရှိမှာ Demand Letter ကျပြီး စာချုပ်ချုပ်ဖို့ အခက်တွေ့နေသူတွေ ရှိနေလို့ ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) လုပ်ဖို့ ခက်ခဲမှုတွေပါ ရှိလာနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013