DVB Logo
Home
မြန်မာသတင်း
ဖိနပ်စက်ရုံ ရဲတပ်ဖွဲ့ အင်အားသုံး ဖြေရှင်းမှု အလုပ်သမား ၂၀ ကျော် ဒဏ်ရာရ
DVB
·
September 17, 2014
ဖိနပ်စက်ရုံ ရဲတပ်ဖွဲ့ အင်အားသုံး ဖြေရှင်းမှု အလုပ်သမား ၂၀ ကျော် ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ က မာစတာစပေါ့ အားကစားဖိနပ်စက်ရုံမှာ စက်တင်ဘာ ၁၆ ညက ရဲတွေ ၀င်ရောက် စီးနင်းမှုကြောင့် အလုပ်သမား ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကြောင့် အလုပ်သမား ၃ ဦးကို လှိုင်သာယာ ဆေးရုံတင်ပို့ခဲ့ရပြီး ဒဏ်ရာရတဲ့သူတွေကို မှတ်တမ်းရယူတာ ၂၃ ယောက်ရှိနေပြီလို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဌေးက ပြောပါတယ်။

Master Sportခုံသမာဓိရုံးက အလုပ်သမား လုပ်ခလစာနဲ့ အလုပ်ပိတ်နစ်နာကြေးပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သလို တလပြည့်တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ လုပ်ခရမယ်ဆိုတဲ့ သတင်းကြောင့် အလုပ်သမားတွေ စက်ရုံကို စုရုံးရောက်ရှိလာပြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ညွှန်မှူးဦးဝင်းရှိန်တို့နဲ့ ညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့မှာ စက်ရုံလေလံတင်ပြီး အလုပ်သမားတွေကို လျော်ကြေးပေးမယ်လို့ ဦးဝင်းရှိန်က ပြောကြားခဲ့ပေမယ့် အလုပ်သမားတွေက ရက်အတိအကျ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ရာက အတိအကျမပြောနိုင်တဲ့အတွက် အလုပ်သမားတွေက ဦးဝင်းရှိန်ရော၊ သူတို့ပါ စက်ရုံမှာ နေကြဖို့ ပြောဆိုခဲ့ရာက ဦးဝင်းရှိန်ကို ခေါ်ထုတ်ဖို့ ရဲတွေရောက်ရှိလာပြီး ပြဿနာဖြစ်ပွားခဲ့တာလို့ အလုပ်သမားခေါင်းဆောင် ကိုထွန်းနိုင်က ပြောပါတယ်။

“ရဲတွေက ဦးဝင်းရှိန်ကို အတင်းဝင်ခေါ်ထုတ်တော့ အလုပ်သမားတွေက မခံနိုင်ဘူးပေါ့။ အလုပ်သမားနဲ့ ညွှန်ကြားမှူးချုပ်ဆိုတာ မိဘသဖွယ်ပေါ့နော်။ ဦးဝင်းရှိန်ကို သူတို့က ဖမ်းချုပ်ထားတာလည်း မဟုတ်ဘူး။ ချုပ်နှောင်ထားတာလည်း မဟုတ်ဘူး။ ဒါပေမယ့် အဘဖြေပေးပါ၊ မဖြေပေးရင် သမီးတို့လည်းမပြန်ဘူးဆိုပြီး ကလေးတွေက အေးဆေးပဲ ထိုင်နေတာ။”

ဇွန်လကတည်းက ဒီစက်ရုံမှာ လုပ်နေတဲ့ အလုပ်သမားတွေ လစာမရတဲ့အတွက် အလုပ်သမားတွေ ကိုရီးယားသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြသလို အလုပ်သမားခုံသမာဓိရုံးမှာ ရင်ဆိုင်ဖြေရှင်းနေတဲ့ ကြားက အခုလို ဖြစ်ပွားခဲ့တာပါ။

ရဲတွေက အခုလို စက်ရုံတွင်းအင်အားသုံးဝင်ရောက် လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး ရှေ့နေ ဦးဌေးက အခုလို မှတ်ချက်ပေးပြောဆိုပါတယ်။

“အလုပ်သမားပြဿ နာတွေကို အလုပ်သမားကို ဗဟိုပြုပြီး အချိန်မီဖြေရှင်းသင့်ပါတယ်။ အဲဒီလို မဖြေရှင်းရင် အလုပ်သမားတွေအတွက်က ထိခိုက်နစ်နာမှုတွေ ကြုံရတာ မသင့်တော်ပါဘူး။ အလုပ်သမားတွေက အစကတည်းက အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနဲ့ အညီ အဆင့်ဆင့်ဖြေရှင်းလာကြတာပေါ့။ ဖြေရှင်းရာမှာ ကြန့်ကြာမှုတွေ ရှိတဲ့အခါကျတော့ မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်လာတာပေါ့။ အလုပ်သမားဆိုတာ လုပ်ခမရရင် စားစရာ မရှိပါဘူး၊ အဆောင်ခပေးစရာ မရှိပါဘူး။ အဲဒါကို အချိန်မီဖြေရှင်းနိုင်အောင် သက်ဆိုင်ရာ အစိုးရ အနေနဲ့ နည်းလမ်းတွေ ရှာကြံပေးသင့်ပါတယ်။ ဥပဒေကို အားကိုးချင်တဲ့ အလုပ်သမားတွေ အပေါ်မှာ ဥပဒေနဲ့ အညီပဲ ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းမယ်ဆိုရင် ဒါက ဖြေရှင်းလို့ရတဲ့ ပြဿ နာ တွေ ဖြစ်ပါတယ်။”

ဒီဖြစ်ရပ်အတွက် အလုပ်သမားရုံးမှာ ဒုဝန်ကြီး ဦးဆောင်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ဒီစက်ရုံရဲ့ လုပ်သား ၈၀၀ ခန့်မှာ အမျိုးသား လုပ်သား ၄၀ လောက်ပဲ ပါဝင်နေပြီး အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013