DVB Logo
Home
မြန်မာသတင်း
မြင်းမူ၊ လက်ထုတ္တောရွာကို စစ်တပ်ဝင်ပြီး ရွာသား ၃၀ ကျော်ကို ပစ်သတ်သွား
DVB
·
May 11, 2024
မြင်းမူ၊ လက်ထုတ္တောရွာကို စစ်တပ်ဝင်ပြီး ရွာသား ၃၀ ကျော်ကို ပစ်သတ်သွား
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို ဒီနေ့  မေ ၁၁ ရက်နေ့ မနက်အစောပိုင်း ၅ နာရီလောက်မှာ စစ်တပ်က ဝင်ရောက်လာပြီး ဒေသခံအရပ်သား ၃၀ ကျော် သတ်ဖြတ်၊ ၂၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

PDF တွေ ရှိလားလို့ မေးပြီး သတ်ပစ်ဖို့ဖမ်းတာကြောင့် အားလုံးက တောင်းပန်ကြပေမဲ့ ရွာသားတွေ ရှေ့မှာပဲ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မနက်အစောကြီး မထင်မှတ်ဘဲ ရွာထဲပစ်ဝင်လာတာ။ ဘယ်လိုမှ ရှောင်တိမ်းထွက်ပြေးချိန်မရတော့ နီးစပ်ရာ ဘုန်းကြီး ကျောင်းတွေထဲ ဝင်ပြေးရတယ်။ အဲလိုဝင်ပြေးတဲ့နေရာကို  နောက်ကနေလိုက်ပြီး ဖမ်းတယ်။ မိတဲ့သူတွေကို  ဒီရွာမှာ PDF တွေ ရှိလား စစ်သားတွေက မေးတယ်။ အဲလို မေးတာကို ရွာသားတွေက မရှိဘူးပြောကြတယ်။ အဲလိုမရှိဘူး ပြောတာကို  သူတို့ကို လိမ်တယ်ဆိုပြီး ဖမ်းမိတဲ့သူတွေ အကုန်သတ်ပစ်မယ်ဆိုပြီး လုပ်ပါတယ်။ ရွာက အမျိုးသမီးတွေက ငိုပြီး တောင်းပန်ကြတယ်။ ဘုန်းကြီးတွေကလည်း တောင်းပန်တယ်။ အဲလို တောင်းပန်လို့ အမျိုးသမီးအများစုနဲ့ ကလေးတွေကို လွှတ်ပေးပြီး ယောကျ်ားလေး ၂၃ ယောက်ကို ရွာသားတွေရှေ့မှာ ပစ်သတ်တယ်။ နောက်ပြီး သူတို့ရွာသား ၂၀ နီးပါးကိုလည်း ဖမ်းခေါ်သွားတယ်။ ဖမ်းသွားတဲ့လူတွေထဲက နောက်ထပ်ရွာ ဘုန်းကြီးကျောင်းတကျောင်းထဲမှာ ၅ ယောက် ပစ်သတ်သွားတယ်။ ရွာလမ်းမပေါ်မှာ ၂ ဦး သတ်သွားတယ်။ အဲဒီ ၂ ဦးထဲက ၁ ဦးက အမျိုးသမီးတဦး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ထုတ္တောရွာသားတွေကို ဖမ်းဆီးပြီး ‘မုံရွာ-မြင်းမူ-မန္တလေးလမ်းမပေါ်မှာ ဒီနေ့ မေ ၁၁ ရက်နေ့ကစပြီး  ဗုံးကွဲခဲ့မယ်ဆိုရင် တရွာလုံးမှာရှိတဲ့ ကလေး၊ လူကြီး တဦးမှမကျန် အကုန်လာသတ်မယ်။ အခုအကြိမ်က‌တော့ မုဆိုးမဖြစ်ရုံသာ လုပ်ခဲ့တာ’ လို့လည်း ခြိမ်းခြောက် ပြောဆိုသွားတယ်လို့ သိရပါတယ်။

မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက်ကလည်း လောလောဆယ်မှာ အမျိုးသမီး ၃ ယောက်အပါအဝင် အလောင်း ၃၀ ကို တွေ့ရှိထားပြီး အသက် ၁၅ နှစ်ကနေ ၅၀ ကျော် အရွယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

ကျည်ရှပ်မှန် ဒဏ်ရာရတဲ့သူတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်သားတွေက ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

မြင်းမူမြို့နယ် ဒု ပကဖတာဝန်ခံ ကိုစွန်ရဲက “ကျနော်တို့ အဲရွာကိုသွားပြီး ကြည့်ခဲ့ပါပြီဗျ။ အရပ်သားပြည်သူ ၂၃ ဦးကို  ရွာအရှေ့ပိုင်း ရေဝန်းဘုန်းကြီး ကျောင်းထဲမှာ သတ်ထားခဲ့တယ်။ ရွာအနောက်ပိုင်းဘုန်းကြီးကျောင်းမှာ ၅ ဦး၊ ရွာလမ်းမပေါ်မှာ ၂ ဦး သတ်ထားခဲ့တယ်။ စုစုပေါင်း ၃၀ သတ်ထားခဲ့တယ်။ အဲဒါအပြင် သူတို့သတ်လို့မသေဘဲ ဒဏ်ရာနဲ့ ကျန်ခဲ့သူ ၁၆ ဦး ရှိတယ်။ တဦးကတော့ ဒဏ်ရာပြင်းထန်ရပြီး ဆေးကုသနေရင်း သေဆုံးတယ်။ နောက်ပြီး ရွာထဲက ပြည်သူနေအိမ်အလုံး ၁၆ လုံး ကျော်ကိုလည် မီးရှို့သွားတယ်” လို့ ပြောပါတယ်။

လက်ထုတ္တောကျေးရွာကို ဝင်ရောက်လာတဲ့စစ်ကြောင်းဟာ ချောင်းဦးမြို့၊ နတ်ရေကန်ရွာက စစ်ကြောင်းနဲ့ မြောင်လမ်းခွဲက အထိုင်စစ်ကြောင်းတို့ ပေါင်းပြီး  အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာတာလို့ သိရပါတယ်။

ရွာသားတွေကို သတ်ဖြတ်တာကိုတော့ ချောင်းဦးမြို့၊ နတ်ရေကန်ရွာက စစ်ကြောင်းက အဓိက လုပ်‌သွားတာလို့လည်း သိရပါတယ်။

စစ်​ကောင်စီစစ်ကြောင်းဟာ ကျေးရွာသားတွေကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် ရွာခံအမျိုးသား ၂၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ချက်ချင်းပြန်လည်ထွက်ခွာသွားတယ်လို့လည်း ဒေသခံတွေက ပြောတယ်။

သေဆုံးသွားသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ ဒီညနေပိုင်းမှာ သင်္ဂြိုလ်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ထုတ္တောကျေးရွာဟာ မုံရွာ-မြင်းမူ-မန္တလေးလမ်းနဲ့ မြောင်-မြင်းမူ-မန္တလေး လမ်းဆုံမှာ တည်ရှိတဲ့ အိမ်ခြေ ၆၀၀ နီးပါး ရှိတဲ့ ကျေးရွာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မေ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀၀ ကျော် ပျက်စီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013