DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်အုပ်စုက ရိုးမဘဏ်ကို ချေးငွေထုတ်ပေးရန် သဘောတူ
DVB
·
September 17, 2014
ကမ္ဘာ့ဘဏ်အုပ်စုက ရိုးမဘဏ်ကို ချေးငွေထုတ်ပေးရန် သဘောတူ
Donate to DVB

ပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့  ရိုးမဘဏ်ကို  ကမ္ဘာ့ဘဏ်အုပ်စုဝင်  နိုင်ငံတကာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုင်အက်ဖ်စီ)က  အမေရိကန်ဒေါ်လာ ၅ သန်း တန်းဖိုးရှိ ပြောင်းလဲအသုံးပြုနိုင်တဲ့  ချေးငွေ (convertible loan) ပေးဖို့  နေပြည်တော်မှာ  မနေ့က သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ရိုးမဘဏ်ရဲ့  ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာလုပ်ငန်းစဉ်ကို  ကူညီ ထောက်ပံ့ပေးတဲ့ အနေနဲ့ ခုလို သဘောတူညီမှုရခဲ့တာလို့ အိုင်အက်ဖ်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

yomaဒီသဘောတူညီချက်ဟာ  မြန်မာနိုင်ငံမှာ  အလုပ်အကိုင်တွေ ပိုမိုဖန်တီးနိုင်ဖို့၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို တိုးမြှင့်ချေးပေးနိုင်ရေး အကူအညီပေးနိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

သဘောတူညီချက်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ရိုးမဘဏ်  အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက “မြန်မာနိုင်ငံမှာ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေရဲ့ လုပ်ငန်းလည်ပတ် ဖွံ့ဖြိုးနိုင်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ရရှိအောင်ဆောင်ရွက်ရေးက မရှိမဖြစ် အရေးပါပါတယ်။ ရိုးမဘဏ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အိုင်အက်ဖ်စီအဖွဲ့ကြီးနဲ့ ပူးပေါင်းပြီး နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါလှတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး ထောက်ပံ့ပေးနိုင်တော့မှာကို အထူးပဲ ဂုဏ်ယူမိပါတယ်။ ကျနော်တို့ဟာ နိုင်ငံအတွင်းရှိ အသေးစားနဲ့ အလတ်စားစီးပွားရေး ဦးဆောင်ဘဏ်တခု ဖြစ်လာဖို့ ရည်ရွယ်ထားပြီး အားကောင်းတက်ကြွတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍ ပေါ်ထွန်းလာဖို့အတွက် ပါဝင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အလားတူ အိုင်အက်ဖ်စီရဲ့ အာရှပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ကာရင် ဖျင်ကယ်လ်စတန် (Karin Finkelston) ကလည်း “အိုင်အက်ဖ်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မဟာဗျူဟာမြောက် အာရုံစိုက်မှုတခုက နိုင်ငံအတွင်းက ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းစနစ်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် အကူအညီပေးဖို့နဲ့ ဘဏ်လုပ်ငန်းရဲ့ကဏ္ဍဟာ စွန့်ဦးတီထွင်လုပ်ကိုင်သူတွေနဲ့ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံးဖွံ့ဖြိုးလာစေဖို့အတွက်လဲ အရေး ကြီးပါတယ်။ အိုင်အက်ဖ်စီက ရိုးမဘဏ်နဲ့တကွ တခြားငွေချေးသူတွေကို သဘာဝပတ်ဝန်ကျင်နဲ့ လူမှုရေးဆိုင်ရာ ရေရှည်တည်တံ့ခြင်းနဲ့ စံနှုန်းတွေ ဖော်ထုတ်သတ်မှတ်ဖို့အတွက်နဲ့ စီမံခန့်ခွဲမှု နည်းစနစ်တွေ အားကောင်းလာစေဖို့ ကူညီနေတာ ဖြစ်ပြီး အဲဒီကမှတဆင့် ဒီအဖွဲ့အစည်းတွေ ဟာ နိုင်ငံတကာဘဏ်လုပ်ငန်းစနစ်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်သလို မြန်မာနိုင်ငံရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို ပိုမို ထိရောက် ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်တယ်” လို့ ကြေညာချက်မှာ  ဆိုထားပါတယ်။

ဒီချေးငွေက အိုင်အက်ဖ်စီအနေနဲ့ ရိုးမဘဏ်အတွက် ပဏာမ ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ဖြစ်ပြီး လာမည့်နှစ်တွေမှာ အမေရိကန်ဒေါ်လာသန်း ၃၀ အထိ တိုးမြှင့်ပေးသွားဖို့ အစီအစဉ်လဲရှိနေပါတယ်။

အိုင်အက်ဖ်စီရဲ့  ရင်းနှီးမြှုပ်နှံမှုနဲ့ အကြံဥာဏ်ပေးခြင်းဆိုင်ရာ အထောက်အပံ့ကြောင့် ရိုးမဘဏ်ဟာ  ၂၀၁၉ မှာ လက်ရှိ ဘဏ်လုပ်ငန်းများအပြင် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၇၀ နဲ့ ညီမျှတဲ့  ငွေချေးမှုပေါင်း ၁၀၀၀ ကို ပြည်တွင်း အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေကို ငွေ ထုတ်ချေးနိုင်လိမ့်မယ်လို့လည်း  မျှော်လင့်ထားပါတယ်။

အိုင်အက်ဖ်စီအဖွဲ့ဟာ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပုဂ္ဂလိကကဏ္ဍ အားကောင်းလာစေရေးအတွက် ရည်ရွယ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးကူညီနေပြီး အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးတာ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ချမ်းသာကြွယ်ဝမှု ညီမျှရေးကို အားပေးလုပ်ဆောင်နေတဲ့ အဖွဲ့တခု လည်း ဖြစ်ပါတယ်။

ရိုးမဘဏ်ကတော့  ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ကာ လုပ်ကိုင်နေတဲ့ ပြည်တွင်း  ဦးဆောင် ဘဏ်ကြီးများအနက် တခုအပါအဝင် ဖြစ်ပြီး လက်ရှိတွင် နိုင်ငံတဝှမ်းရှိ အထင်ကရ မြို့ကြီးပေါင်း ၂၅ ခုတွင် ဘဏ်ခွဲပေါင်း ၅၀ ကျော်ဖွင့်လှစ် လုပ်ကိုင် နေတဲ့ဘဏ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013