DVB Logo
Home
မြန်မာသတင်း
ဆန်ကြမ်းဈေး ကျပ် ၄,၀၀၀ ဖြစ်လာ၊ ဝင်ငွေနည်းပြည်သူများ ထမင်းတနပ်လျှော့စားနေရ
DVB
·
May 8, 2024
ဆန်ကြမ်းဈေး ကျပ် ၄,၀၀၀ ဖြစ်လာ၊ ဝင်ငွေနည်းပြည်သူများ ထမင်းတနပ်လျှော့စားနေရ
1 / 4
Donate to DVB

ဆန်ကြမ်းအနိမ့်ဆုံးဈေး ကျပ်လေးထောင်အထိဖြစ်လာတာကြောင့် ဝင်ငွေနည်းပြည်သူတွေ ထမင်းတနပ် လျှော့စားရတဲ့အထိ ဖြစ်လာပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တနေ့တခြား ကြီးမြင့်လာနေပါတယ်။ အဲဒီထဲမှာ အသက်ရှင်သန်ရေးအတွက် နေ့တိုင်းစားသောက်နေရတဲ့ ဆန်ဈေးတွေ တက်နေတာ အဆိုးဆုံးဖြစ်နေပါတယ်။

ဧည့်မထဆန်အမျိုးအစားတပြည်ကို အနိမ့်ဆုံးဈေးကျပ် ၄၀၀၀ အထိ ဖြစ်လာပြီး လက်လုပ်လက်စား ဝင်ငွေနည်း ပြည်သူတွေမှာ ထမင်းတနပ်လျှော့စားရတဲ့အထိ ထိခိုက်လာတယ်လို့ ဒလမြို့နယ်က ပလတ်စတစ်ဘူးခွံတွေ စုဆောင်းရောင်းချသူ အမျိုးသမီးကြီးတဦးက ပြောပါတယ်။

“အခက်အခဲဖြစ်တာတော့ ပြောမနေနဲ့ အစ်မကြီးရေ၊ တင်ပြချင်တယ်။ မိသားစုက ၇ ယောက်လေ၊ ၁၀ လုံးချက်ရတယ်။ တခါတလေကျရင် မနက်ပိုင်းမချက်ရဘူး၊ ညနေပိုင်း ချက်တယ်၊ ညမနက်မချက်နိုင်လို့ ညမနက်ပေါင်စားရတာပေါ့။ ညနေကျတာ့ မစားဘဲနေ၊ မနက်ပိုင်းကျ မခံနိုင်ဘူးလေ။ ညဘက်ကျတော့ သိပ်အရေးမကြီးဘူးလေ အိပ်တော့။ ဒီတိုင်းအိပ်လို့ရတယ်။ အဲ့လို။”

ပြီးခဲ့တဲ့ ဆောင်းရာသီမှာ တနိုင်ငံလုံးအတိုင်းအတာအရ နွေစပါးစိုက်ဧက ၂.၆ သန်းကို စိုက်ပျိုးခဲ့ပြီး လက်ရှိမှာ ဧရာဝတီ၊ ပဲခူး စတဲ့ဒေသတွေမှာ စတင်ရိတ်သိမ်းနေပြီဖြစ်ပါတယ်။ နွေစပါးပေါ်လာချိန်မှာ ဆန်ကြမ်းဈေး ထပ်မတက်လာသေးပေမဲ့ သွင်းအားစုနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေကြောင့် ဆန်ဈေးတက်လာရတာလို့ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင် ဆန်အကျိုးတော်ဆောင်တဦးက ပြောပါတယ်။

“ရှိတာပေါ့။ အမှန်တကယ်က လူတိုင်းလည်းစားနေတယ်၊ ကိုယ့်ပြည်တွင်းဖြစ်ဆိုပေမဲ့ သူ့ကိုဝယ်ထည့်ရတဲ့ ဟာတွေက ပြည်တွင်းဖြစ်မှမဟုတ်တာ၊ ဆီဆိုလည်း ဈေးတက်တယ်၊ အကုန်ဈေးတက်တယ်။ သယ်ယူပို့ဆောင်မှု၊ နယ်ကနေ ဆန် ဒီကိုတင်မယ်၊ ကားခတွေက အရင်နဲ့ မတူဘူးလေ၊ ၂ ဆနီးနီး တက်နေပြီလေ။ အခုဆို ၁၉၀၀၊ ၁၈၀၀ အဲ့လောက်ထိအောင် ပေးရတယ်။ အဲ့ဒါအပြင်ကို စပါးဝယ်တယ်၊ ဝယ်တဲ့နေရာကနေ သင်္ဘောနဲ့ ပြန်ကဲ့ရတာ စက်ရောက်ဖို့က အရင်က စပါး ၁၀၀ ကို သုံးလေးသောင်းရှိတယ်၊ အခုက ခုနှစ်သောင်းရှစ်သောင်းဖြစ်သွားပြီ။ အဲ့ တော့ စရိတ်တွေက မြင့်မြင့်လာတယ်။ မြင့်လာတဲ့အတွက် ဒါက တက်ရမှာပဲ။ ဒါပေမဲ့ ဈေးနှုန်းတွေပေါ် မူတည်ပြီး ပစ္စည်းဆိုက်တဲ့ပေါ်မှာမူတည်ပြီး နည်းနည်းတော့ ထိန်းလာရမှာပေါ့။”

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပြည်ပကို ဆန်တန်ချိန် ၂.၅ သန်းတင်ပို့ဖို့ ရည်ရွယ်ထားပေမဲ့ တန်ချိန် ၁.၆ သန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းဆန်လက်ကျန်က တန်ချိန် ၅သန်းနီးပါး ကျန်ရှိနေပြီး ဒီပမာဏက လက်တလော ထွက်ရှိလာမယ့် နွေစပါးမပါဝင်သေးဘူးလို့ ဆန်ကုန်သည်အသင်းက ထုတ်ပြန်ထားပါတယ်။ 

လတ်တလော ပြည်တွင်းဆန်ဈေးကွက်အခြေအနေနဲ့ ဆန်ဈေးတက်ရတဲ့ အကြောင်းအရင်းကို ဆန်ကုန်သည်အသင်းက တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ကျနော်တို့ ဆန်ဈေးကွက်က အေးပါတယ်။ ဆန်ဈေးတွေ တည်ငြိမ်တယ်၊ ဆန်ဈေးတွေကျတယ်။ ဒီအပတ်ထဲမှာ နွေကလည်းပေါ်နေပြီ။ နွေကလည်း ဒီနှစ်မှာ ၂.၆ သန်းလောက် ၂.၆ ဧကစိုက်တယ်။ စိုက်ပျိုးတဲ့အတွက် ဧရာဝတီတိုင်းရိတ်သိမ်းနေပြီ။ Export ကဏ္ဍကလည်း ကျနော်တို့ ဒီနှစ်က ၁.၆ သန်းလောက်ပဲ ပို့ထားတော့ ဆန်လက်ကျန်တွေက တိုင်းပြည်ထဲမှာ ရှိပါသေးတယ်။ လောလောဆယ်တက်တာက ဆန်စပါးလှောင်ထားတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ အွန်လိုင်းပေါ်မှာ လျှောက်ရေးပြီး လှုံ့ဆော်နေတာကြောင့်လည်း ဈေးနှုန်းတက်နေတာ ပါပါတယ်။”

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဆန်ဈေးတက်တာကို ထိန်းကျောင်းနိုင်ဖို့ စပါး တင်း ၅၀၀၀၊ ဆန်တန်ချိန် ၅၀ နဲ့အထက် သိုလှောင်သူတွေကို ဈေးတင် ဈေးကစားမှာစိုးလို့ သိုလှောင်ရုံ မှတ်ပုံတင်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့ပေမဲ့ ဆန်ဈေးတွေက တက်မြဲတက်လာပြီး ဆန်ကြမ်းတပြည်ကို ကျပ် ၄၀၀၀ အထိ ဆက်လက်မြင့်တက်လာတာပါ။

အခြေခံစားသောက်ကုန်တွေအပါအဝင် ဆန်၊ ဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဖွဲ့စည်းခဲ့ပေမဲ့ ကုန်ဈေးနှုန်းတွေကတော့ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013