DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကာလ အိန္ဒိယရောက် မြန်မာများကို NUG ထပ်မံသတိပေး
DVB
·
May 8, 2024
ရွေးကောက်ပွဲကာလ အိန္ဒိယရောက် မြန်မာများကို NUG ထပ်မံသတိပေး
Donate to DVB

ရွေးကောက်ပွဲကာလမှာ အိန္ဒိယနိုင်ငံထဲ လုံခြုံရေးအရ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာထိပါးစေတဲ့ လုပ်ဆောင်မှုတွေ ရှောင်ကြဉ်ကြဖို့ အပါအဝင် လိုက်နာစောင့်ထိန်းကြရမယ့် အချက်တွေပါ အသိပေးမေတ္တာရပ်ခံချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထပ်မံနှိုးဆော်လိုက်ပါတယ်။

မေ ၇ ရက် ရက်စွဲနဲ့ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ ရောက်ရှိခိုလှုံနေထိုင်နေတဲ့ ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာအရေးအရာတွေ (ဥပမာ – နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနဲ့ လူမျိုးရေးအခြေပြုအချေအတင်ဖြစ်မှုတွေ) မှာ မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုတွေ မရှိစေရေးအတွက် သတိပြုနေထိုင်ကြဖို့လည်း မေတ္တာရပ်ခံထားတာပါ။

ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းဝယ်သယ်ဆောင် မှုပြုလုပ်တာ၊ အဆိုပါကိစ္စတွေမှာ ပါဝင်ပတ်သက်တာတွေ လုံးဝမပြုလုပ်ကြဖို့နဲ့ မိမိတို့ ရောက်ရှိနေထိုင်နေတဲ့ ရပ်ကွက်/ကျေးရွာက ဒေသခံပြည်သူလူထုနဲ့ သင့်တင့်လျောက်ပတ်စွာ နေထိုင်ပေးကြဖို့၊ ထုတ်ပြန်ထားတဲ့ လူမှုရေး၊ ဘာသာရေး စည်းကမ်းတွေကိုလည်း လိုက်နာပေးကြဖို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဆီ ထွက်ပြေးခိုလှုံနေသူ ၇၉,၀၀၀ နီးပါးလောက် ရှိနေပြီး အဲဒီထဲမှာ ရိုဟင်ဂျာတွေ အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေ အပါအဝင် အရေးပေါ် လိုအပ်ချက် တစုံတရာကြောင့် နယ်စပ်ဖြတ်ကူးသွားလာကြတဲ့အခါ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ဆက်လက်တည်မြဲနိုင်ဖို့အတွက် အိန္ဒိယအစိုးရနဲ့ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပန်ကြားထားပါတယ်။

တကယ်လို့ မြန်မာနိုင်ငံသားတွေအနေနဲ့ တစုံတရာ အခက်အခဲတွေ ကြုံရပါက စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေတဲ့ မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ဆက်သွယ်အသိပေးတိုင်ပင်တာ၊ လိုအပ်ပါက NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ ပြုလုပ်ကြဖို့လည်း တိုက်တွန်းထားတာပါ။

NUG အစိုးရအနေနဲ့ ခုလို အိန္ဒိယရောက် မြန်မာနိုင်ငံသားတွေ လိုက်နာဆောင်ရွက်ဖို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရပါဘူး။

အိန္ဒိယနိုင်ငံမှာတော့ လက်ရှိ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ တတိယမြောက်သက်တမ်းအနေနဲ့ ဆက်လက်အုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယအထွေထွေရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က စတင်ကျင်းပနေတာပါ။

အဆိုပါ ရွေးကောက်ပွဲကို အချိန်သီတင်းပတ် ၆ ပတ်ကျော် ကျင်းပမှာ ဖြစ်ကြောင်း အိန္ဒိယရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရက်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရတဲ့ အိန္ဒိယမှာ မဲဆန္ဒရှင် ၁ ဘီလီယံနီးပါးဟာ အောက်လွှတ်တော်ရဲ့ ရွေးကောက်ခံအမတ် ၅၄၃ ဦးကို ရွေးချယ်ဖို့ အရည်အချင်းပြည့်မီမှာဖြစ်ပြီး ကျန် ၂ နေရာကိုတော့ သမ္မတက ခန့်အပ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို လာမယ့် ဇွန် ၁ ရက်အထိ အဆင့် ၇ ဆင့်နဲ့ ကျင်းပမှာ ဖြစ်ပြီး မဲတွေကိုတော့ ဇွန် ၄ ရက်က စတင်ပြီး ရေတွက်မှာ ဖစ်ကာ မဲရုံတွေမှာ လုံခြုံရေး အလုံအလောက် ရယူနိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နိုင်ငံအနှံ့ ရွှေ့ပြောင်းချထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013