DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းတွင် စစ်ရဟတ်ယာဉ် ၁ စင်းကို ကရင်နီတော်လှန်ရေးတပ်များ ပစ်ချနိုင်
DVB
·
May 6, 2024
ဖားဆောင်းတွင် စစ်ရဟတ်ယာဉ် ၁ စင်းကို ကရင်နီတော်လှန်ရေးတပ်များ ပစ်ချနိုင်
Donate to DVB

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် တစင်းကို မတ် ၆ ရက် ဒီကနေ့မှာ ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက DVB ကို အတည်ပြုပြောပါတယ်။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ကို ပစ်ကူလာပေးတဲ့ ရဟတ်ယာဉ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုပြီး MI-35 အမျိုးအစား ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

KNDF ပြန်ကြားရေးတာဝန်ရှိသူက “ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာ ဖားဆောင်း တိုက်ပွဲကိုလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်က MI-35 အမျိုးအစား ဖြစ်ဖို့များပါတယ်။ အသေးစိတ် အချက်အလက်ကို ကျနော်တို့ စုံစမ်းနေတုန်းပါပဲ” လို့ ပြောပါတယ်။

ဖားဆောင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုသာကျန်ပြီး အပြင်းအထန်ခုခံနေကာ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ကူ၊ စစ်ကူပေးနေတာပါ။

ပြီးခဲ့တဲ့ မေ ၄ ရက် ကတည်းက  စကာ ဖားဆောင်းက စစ်ကောင်စီစခန်းတွေကို သိမ်းနိုင်ဖို့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ကြိုးစားနေတာဖြစ်ကာ အခုပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဖြစ်စဉ်ကိုလည်း အတည်ပြုနိုင်ကြောင်း ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ဖားဆောင်းကနေ ဘော်လခဲကို ပြန်တဲ့လမ်းမှာ ရဟတ်ယာဉ်ပျက်ကျသွားတာလို့လည်း ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

“ဖားဆောင်းကို ၄ ရက်နေ့မှာသိမ်းတော့ ရတော့ရတယ်၊ လေယာဉ် ဗုံးတအားကြဲတော့ ပြန်နားထားတယ်။ ဒီနေ့တော့ ၁၀ နာရီကျော်မှာ လေယာဉ်နဲ့  ဗုံးလာကြဲတယ်။ ၁၁ နာရီမှာ ရဟတ်ယာဉ်လာတယ်၊ ကျနော်တို့ကလေးတွေပစ်တော့ ထိသွားပါတယ်။ အတည်ပြုလို့ ရပါတယ်။ ဖားဆောင်းကိုဝင်သိမ်းတော့ ရဟတ်ယာဉ်လာတော့ ပစ်တော့ ထိသွားတယ်လေ။ ဘော်လခဲဘက် ပြန်တက်သွားတာပေါ့။ ဘော်လခဲမရောက်ခင် လမ်းမှာပျက်ကျသွားတာ သေချာပါတယ်၊ အတည်ပြုလို့ရတာတော့” လို့ ဆက်ပြောပါတယ်။

ဖားဆောင်း၊ ဘော်လခဲနဲ့ မိုးဗြဲက နေရာတချို့က စစ်ကောင်စီစခန်းတွေကို ကရင်နီ တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းနိုင်ဖို့ ကြိုးပမ်းနေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ စစ်ကူပေးကာ အပြင်းအထန် ခုခံနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013