DVB Logo
Home
နိုင်ငံတကာ
ရာဖာမြို့ကို အစ္စရေး မြေပြင်ထိုးစစ်ဆင်ဖွယ်ရှိသဖြင့် အရပ်သားများ ချက်ချင်းရွှေ့ပြောင်းရန် ကြေညာ
DVB
·
May 6, 2024
ရာဖာမြို့ကို အစ္စရေး မြေပြင်ထိုးစစ်ဆင်ဖွယ်ရှိသဖြင့် အရပ်သားများ ချက်ချင်းရွှေ့ပြောင်းရန် ကြေညာ
Donate to DVB

ဂါဇာကမ်းမြောင်မှာ မြေပြင်ထိုးစစ်မကြုံရသေးတဲ့ နောက်ဆုံးမြို့ကြီးဖြစ်တဲ့ ရာဖာမြို့ အရှေ့ပိုင်းရှိ ပါလက်စတိုင်းသားတွေအနေနဲ့ အနီးမှာရှိတဲ့ ဘေးလွတ်ရာ လူသားချင်းစာနာမှုဧရိယာကို ချက်ချင်းရွှေ့ကြဖို့ အစ္စရေးစစ်တပ်က မေ ၆ ရက်မှာ ကြေညာပါတယ်။

ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို မကြာခင် မြေပြင်ထိုးစစ်ဆင်ဖွယ်ရှိတဲ့အတွက် အခုလို ထုတ်ပြန်တာလို့ ယူဆရပါတယ်။

ကြေညာချက်ကို လူမှုကွန်ရက် X မှာတင်ခဲ့ပြီး ရာဖာကနေထွက်ဖို့ လမ်းကြောင်းပြမြေပုံပါ ဖော်ပြထားပါတယ်။

“မြေပြင်ယာယီဆေးရုံ၊ ရွက်ဖျင်တဲတွေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ တခြားအထောက်အပံ့တွေ တိုးမြှင့်ပေးထားမှာဖြစ်တဲ့” တိုးချဲ့လူသားချင်းစာနာမှုဧရိယာကို ရွှေ့ပြောင်းကြဖို့ သတိပေးထားပါတယ်။

အစ္စရေးစစ်တပ်ရေဒီယိုက ထုတ်လွှင့်ချက်အရတော့ အစ္စရေးတပ်တွေဟာ အရပ်သားတွေကို ရာဖာကနေ စရွှေ့နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းမှုတွေကို ဂါဇာက တချို့ဧရိယာတွေမှာ အဓိကလုပ်ဆောင်နေပြီး ရွှေ့ပြောင်းခံရသူတွေက အနားမှာရှိတဲ့ ခန်ယူနစ်နဲ့ အယ်လ်မူဝါဆီက ရွက်ဖျင်တဲတွေမှာ နေခိုင်းမှာဖြစ်တယ်လို့ သိရပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးကို အလေးအနက်မထားပုံ ပေါ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအတ်ဗ် ဂေါလန့်က မေ ၅ ရက်မှာ ပြောခဲ့ပါတယ်။

“ဟားမတ်စ်က ကျနော်တို့နဲ့ သဘောတူညီချက်ကို အမှန်တကယ်သွားဖို့ မရည်ရွယ်ဘူးဆိုတဲ့ စိုးရိမ်စရာကောင်းတဲ့ လက္ခဏာတွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ မကြာမီကာလအတွင်းမှာ ရာဖာနဲ့ ဂါဇာကမ်း‌ေမြာင်တခုလုံးမှာ ကျနော်တို့ စစ်ရေးလှုပ်ရှားမှုတွေ စတော့မယ်” လို့ ဂေါလန့်ထ်က ဆက်ပြောပါတယ်။

သူဟာ ဂါဇာကမ်းမြောင် အလယ်ပိုင်းဆီသွားပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ပြောပါတယ်။

အိုးမဲ့အိမ်မဲ့ ဂါဇာကမ်းမြောင်ဒေသခံ တသန်းကျော် ခိုလှုံရာ အီဂျစ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဂါဇာတောင်ပိုင်းက ရာဖာမြို့ဆီ တပ်ဖွဲ့ဝင်တွေလွှတ်ဖို့ စီစဉ်နေတယ်လို့ အစ္စရေးက လွန်ခဲ့တဲ့ လပေါင်းများစွာတည်းက သတိပေးထားပါတယ်။

ထောင်နဲ့ချီတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက ဓားစာခံ ဒါဇင်ပေါင်းများစွာနဲ့အတူ ရာဖာမြို့ထဲမှာ ပုန်းအောင်းနေတယ်လို့ အစ္စရေးက ယုံကြည်နေပါတယ်။

အစ္စရေးစစ်သားတွေဟာ တင့်ကားတွေကို စစ်ဆေးရင်း အစ္စရေးနဲ့ ဂါဇာကြား နယ်စပ်ဖြတ်ကျော်ရေးဂိတ်ရှိရာ ခေရမ် ရှာလွန်မ်နားက နယ်စပ်ဧရိယာမှာ မေ ၅ ရက်က လှုပ်ရှားနေပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းမှာ အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ကြားက ခေရမ် ရှာလွန်မ်ကို ဖြတ်ကျော်တိုက်ခိုက်မှုဟာ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့လက်ချက် ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

အစ္စရေးစစ်တပ်က ရာဖာကနေ ဂါဇာကမ်းမြောင်တောင်ပိုင်း နယ်စပ်ဆီ ဒုံးကျည် ၁၀ စင်း ပစ်လွှတ်ခဲ့ပါတယ်။

အခုတော့ ကမ်းရိုးတန်းနယ်မြေအတွင်း ကုန်တင်ယာဉ်တွေကို ဝင်လို့မရအောင် ပိတ်ထားပြီလို့လည်း အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။

ရာဖာကို အစ္စရေးရဲ့ထိုးစစ်ဟာ သိန်းချီတဲ့လူတွေကို အသက်ဘေးရှိစေနိုင်ပြီး နယ်မြေတခုလုံးရဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို အကြီးအကျယ် ထိုးနှက်လိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရုံးက သောကြာနေ့မှာ ပြောပါတယ်။

ဓားစာခံတွေ လွတ်မြောက်ရေးအတွက် စစ်ပွဲအဆုံးသတ်ဖို့ တောင်းဆိုချက်ကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြတ်ပြတ်သားသား ငြင်းဆိုထားလို့ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အလားအလာ နည်းသွားပြီလို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

အဆင်မပြေမှုအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ထားကြပါတယ်။

Source/Photo-REUTERS/Amir Cohen 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013