DVB Logo
Home
မြန်မာသတင်း
ကရင်နီ စစ်ရှောင်အမျိုးသမီးများအား သားဆက်ခြားမှု ပညာပေး
DVB
·
May 6, 2024
ကရင်နီ စစ်ရှောင်အမျိုးသမီးများအား သားဆက်ခြားမှု ပညာပေး
Donate to DVB

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်လာကြတဲ့ အမျိုးသမီးတွေ ကလေးမွေးဖွားမှုနှုန်း များနေပြီး စားဝတ်နေရေး အခက်အခဲတွေကြောင့် သားဆက်ခြားမှုနဲ့ပတ်သက်တဲ့ ပညာပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်ရတဲ့အခါ ကိုယ်ဝန်နဲ့ ပြေးလွှားရတာတွေ၊ နို့စို့အရွယ်ကလေးငယ် ရှိနေချိန် ကိုယ်ဝန်ထပ်ရတာတွေ၊ မိခင်နဲ့ကလေးမှာ အာဟာရထောက်ပံ့မှု ပြည့်ပြည့်ဝဝ မရရှိတာတွေကြောင့် သားဆက်ခြားမှု ပညာပေးလုပ်ငန်းစဥ်တွေကို ဆေးရုံကိုလာတဲ့ လူနာတွေနဲ့ ရွေ့လျားဆေးကုသပေးချိန်တွေမှာ ဆောင်ရွက်ဖြစ်တယ်လို့ O-1 ဆေးရုံမှ ဒေါက်တာစိုးရန်နိုင်က ပြောပါတယ်။

“သားဆက်ခြားဖို့ ပြောတဲ့အခါ ဘာသာရေးအရ မလုပ်ချင်ကြတာ ရှိတယ်။ ကျနော်တို့က ဘယ်လိုပြောရလဲဆိုတော့ စစ်ရှောင်နေရတဲ့အချိန် ကလေးအများကြီးနဲ့ ပြေးရလွှားရတာဆို အဆင်မပြေဘူးပေါ့။ ပြီးတော့ ကလေးတယောက်နဲ့တယောက်ကြား သားဆက်ခြားခြင်းအားဖြင့် လက်ရှိကလေးကိုလည်း ကျန်းကျန်းမာမာ ပြုစုနိုင်မယ်ပေါ့။ ရွာတွေမှာ Mobile သွားတဲ့အခါ သားဆက်ခြားပညာပေးကို သွားတဲ့အခါတိုင်းမှာ ပြောပြပေးတယ်ပေါ့နော်။”

စစ်ဘေးရှောင်စခန်းတွေက အိမ်ထောင်စုတစုမှာ အနည်းဆုံး ကလေးငယ် ၃ ယောက်ကနေ ၇ ယောက်အထိရှိတဲ့ မိသားစုတွေရှိနေပြီး ကလေးငယ်တွေဖြစ်တာကြောင့် အာဟာရထောက်ပံ့မှုတွေ မလုံလောက်တာ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးအတွက်ပါ အခက်အခဲတွေ ကြုံတွေ့ရတာလည်း ရှိနေပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်ဇင်မာညိုက “ကလေးက အသက် ၂ နှစ်ပဲ ရှိသေးတာ၊ ကိုယ်ဝန်ကထပ်ရှိတော့ ကလေးက အာဟာရ မပြည့်ဝဘူးပေါ့နော်။ တချို့ကလည်း သားဆက်ခြားနည်းတွေနဲ့ မတည့်တော့ ကလေးက ရသွားတာပေါ့။ ရသွားတော့ ကလေးကော မိခင်ကော တအားဒုက္ခရောက်တာပေါ့။ သားဆက်ခြား ပညာပေးတွေ ရှိလာတာကတော့ ပိုကောင်းတယ်လို့မြင်တယ် ကျမကတော့” လို့ ပြောပါတယ်။

ကရင်နီပြည်မှာ သားဆက်ခြားမှုနဲ့ပတ်သက်ပြီး ပညာပေးတဲ့အခါ အမျိုးသားတွေကို ရက်ရှောင်ခိုင်းတာ၊ တလခံ သုံးလခံ ကိုယ်ဝန်တားဆေးပေးတာတွေ၊ ငွေကြေးတတ်နိုင်သူတွေကို လက်မောင်းထဲထည့်တဲ့ပိုက် ဝယ်ခိုင်းပြီး ဆေးရုံမှာ ထည့်ပေးတာတွေ ပြုလုပ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော်အထိ ရှိနေပြီး ကလေးငယ် အရေအတွက်က ၄၀ ရာခိုင်နှုန်းရဲ့အထက်မှာ ရှိနေတာကြောင့် အာဟာရထောက်ပံ့မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ မလုံလောက်မှုတွေနဲ့ စားဝတ်နေရေး အခက်အခဲတွေလည်း ရှိနေတာကြောင့် ဆေးဝါးကုသပေးနေတဲ့ အဖွဲ့အများစုက သားဆက်ခြားမှုတွေကို ပညာပေး ပြောပြမှုတွေကို ပြုလုပ်လာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဒေါ့ဖုန်းယန် စစ်ဘေးရှောင်စခန်း

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013