DVB Logo
Home
မြန်မာသတင်း
ကလေးနှင့် မတ္တရာတွင် လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
May 4, 2024
ကလေးနှင့် မတ္တရာတွင် လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ယောက် သေဆုံး၊ လသားအရွယ်ကလေးအပါအဝင် ၃ ယောက် ဒဏ်ရာရပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာတော့ စစ်တပ်ရဲ့ လက်နက်ကြီးကျည်စမှန်လို့ လေဖြတ်နေတဲ့ အသက် ၆၀‌ ကျော် အဖိုးအို ၁ ယောက် ဒဏ်ရာရသွားပါတယ်။

ကလေးမြို့နယ်၊ တင်သားရွာကို မေ ၃ ရက် မွန်းလွဲပိုင်းက ရွာတောင်ဘက် ၃ မိုင်လောက်အကွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ကြံသာရွာကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးဟာ တင်သားရွာ အလယ်ပိုင်း အမှတ် ၂ ရပ်ကွက်က ဒေါ်သန်းနုနေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်သန်းနုရဲ့သမီးဖြစ်သူ အသက် ၃၀ ကျော်အရွယ် မယုအေး ပွဲချင်းပြီး သေဆုံးခဲ့သလို အမျိုးသားဖြစ်သူနဲ့ ၇ လသားအရွယ်ကလေးငယ်အပါအဝင် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

တင်သားရွာခံတယောက်က “မယုအေးတို့မိသားစုက အမှတ် ၃ မှာနေတာ။ လက်နက်ကြီးတွေက သူတို့အိမ်ဘက် ခဏခဏကျလို့ သူ့အမေအိမ်သွားနေကြတာ။ အဲဒါမှာ သူ့အမေအိမ် လက်နက်ကြီးကျပြီး လက်နက်ကြီးက သူ့‌ နောက်ကျောဖောက်ပြီး သူကတော့ ပွဲချင်းပြီး သေသွားတယ်။ သူ့အမျိုးသားလည်း ခါးမှာဒဏ်ရာရသွားတယ်။ သူ့ကလေးကတော့ နားတဖက်ပြတ်သွားတာ။ သူတို့အိမ်နားက ဗိုက်ကြီးသည်လည်း ခေါင်းထိသွားတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ နီးစပ်ရာ NUG လက်အောက်ခံ ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသနေကြရပြီး မယုအေးရဲ့ရုပ်အလောင်းကိုတော့ နေ့ချင်းပဲသင်္ဂြိုလ်လိုက်ကြရတယ် လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမဖြစ်ဘဲ တင်သားရွာဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်နေပြီး စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့သဘောရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၆ ရက်နေ့ကလည်း စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် တင်သားအုပ်စုထဲက ကျောက်ဖူးရွာက အသက် ၅၀ ကျော်အရွယ် သားဖွားဆရာမ ဒေါ်မြင့်ကြည်နဲ့ အသက် ၄၈ နှစ်အရွယ် ဦးအောင်ဌေးဝင်းတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြပါသေးတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းကကျေးရွာတွေကို ဒီနေ့ မေ ၄ ရက် နေ့ မနက် ၅ နာရီလောက်ကစလို့ စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်ပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်ကြောင်းတွေက ကျေးရွာတွေထဲက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၆၀ ကျော် အရွယ် လေဖြတ်ထားသူအမျိုးသားတယောက် ဒဏ်ရာရသွားတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတယောက်က “စစ်ကြောင်း တကြောင်းက မတ္တရာမြို့ကနေ မနက်ခင်း ၅ နာရီအချိန်က စစ်ကား ၃ စီးနဲ့ ငါးလုံးပြွန်ရွာကို လာချတယ်။ အဲဒီကနေ နေ့ခင်း ၁၁ နာရီအချိန်ခန့်က ရှား‌စေးချက်ရွာကို လက်နက်ကြီး ၃ လုံးပစ်ခတ်တယ်။ ၃လုံး စလုံးရွာထဲကျတယ်။ ဒုတိယအလုံးမှာ ရွာထဲကနေ လေဖြတ်ပြီး မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့အသက် ၆၀ အရွယ် ဦးမြတ်ဌေး ခြေသလုံးဖောက်ထွက်ဒဏ်ရာရရှိတယ်။ အဲဒီအဖိုးကတော့ မတ္တရာမြို့ဆေးရုံမှာ ဆေးကုသဖို့သွား နေတယ်။ ကျန်တဲ့ရွာသားတွေကတော့ စစ်ကြောင်းမလာခင်ကတည်းက ရွာထဲက‌နေ ထွက်ပြေးနေကြရတယ်။ စစ်သားတွေကတော့  အခုထိရှားစေးချက်ရွာအတွင်းမှာ ရှိနေ သေးတယ်ဗျ။ နောက်ထပ်စစ်ကြောင်း တကြောင်းကတော့ သဖန်းကိုင်းရွာမှာ ညအိပ်ပြီး မနက်ခင်းမှာ ရုံးပင်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်။ အဲဒီစစ်ကြောင်းကလည်း ရုံးပင်ရွာအတွင်းမှာ ရှိနေ သေးတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာလို့ ရှားစေးချက်ရွာ၊ ရုံးပင်ရွာ၊ သပြေပင်လှရွာ၊ တံတားဦးရွာ၊ ချောင်းပေါက်ရွာစတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ကြောင်းရှောင်ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

မတ္တရာမြို့နယ်က ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ရှားစေးချက်ရွာအတွင်းက စစ်ကြောင်းကတော့ အင်အား ၁၀၀ ပတ်ဝန်းကျင်ရှိမယ်။ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး  ရွာအတွင်းက ပြည်သူတွေ နေအိမ်များကို ရှာဖွေ ဖျက်ဆီးတာတွေ လုပ်တယ်။ သူတို့ရွာထဲကနေ အရှေ့ဘက်တက်လာပြီး ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲ ၁၅ မိနစ် လောက် ထိတွေ့တိုက်ပွဲဖြစ် သေးတယ်။ အဲလိုတိုက်ပွဲဖြစ်ပွားပြီး အခုရွာထဲပြန်ဝင်ပြီး ငြိမ်နေတယ်။ နောက်စစ်ကြောင်း တကြောင်းကတော့ သဖန်းကိုင်းရွာက ရွာသူ၊ ရွာသား အများစုကို ဖမ်းဆီးပြီး လူသားဒိုင်းကာပြုလုပ်ပြီး ရုံးပင်ရွာအတွင်းက ဘုန်းတော်ကြီး ကျောင်းမှာ တပ်စွဲ နေတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကို ထိန်းနိုင်ဖို့ မတ္တရာမြို့နယ်အတွင်း မြေပြင်စစ်ကြာင်းထိုး နယ်မြေရှင်းလင်းရေးတွေလုပ်နေတာလို့  မတ္တရာမြို့နယ်သတင်းတာဝန်ခံ ဘိုတောက်က ပြောပါတယ်။

“ဒီနေ့မနက် ၅ နာရီခန့်က ငါးလုံးပြွန်ကျေးရွာ စကစ ၁၀၀၊ တံငါကျေးရွာ စကစ ၅၀၊ သဖန်းကိုင်းကျေးရွာ စကစ ၇၀ ခန့်တို့ဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက် လက်နက်ကြီးပစ်ခတ်တယ်။‌ ချောင်းတော်ဝရွာကိုလည်း မီးရှို့တယ်။ အိမ်ခြေ ၂၀ လောက်မီးလောင်ဆုံးရှုံးတယ်” လို့ ပြောပါတယ်။

ချောင်းတော်ဝကျေးရွာကို မီးရှို့တဲ့စစ်ကြောင်းဟာ တံငါကျေးရွာကနေ  အင်အား ၅၀ နဲ့ စစ် ကြောင်းထိုးလာတဲ့ စစ်ကြောင်းက မီးရှို့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013