DVB Logo
Home
မြန်မာသတင်း
ကမ္မ၊ ကျောက်ထုနှင့် ကနီတွင် ရဲနှင့် စစ်သားများ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ
DVB
·
May 4, 2024
ကမ္မ၊ ကျောက်ထုနှင့် ကနီတွင် ရဲနှင့် စစ်သားများ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ
Donate to DVB

မကွေးတိုင်း၊ ကမ္မနဲ့ ကျောက်ထု၊ စစ်ကိုင်းတိုင်း ကနီမြို့တို့မှာ ရဲ ဒုတပ်ကြပ်နဲ့ စစ်ကောင်စီတပ်သားတွေနဲ့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းက ဒုတပ်ကြပ်အဆင့်ရှိသူ ရဲ တယောက်ဟာ မေ ၂ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ဆီကနေ သိရပါတယ်။

မြိုင်-ပကဖ ပြောရေးဆိုခွင့်ရှိသူတယောက်က “ပခုက္ကူမြိုနယ်၊ ကမ္မနယ်မြေရဲစခန်းက ရဲ ဒုတပ်ကြပ် နန္ဒကျော်ဟာ G 3 သေနတ် ၁ လက်၊ ကျည်အတောင့် ၁၃၀၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့ မေ ၂ ရက်နေ့၊ နေ့လယ်ပိုင်းမှာ အလင်းဝင်ရောက်လာ​တာပါ” လို့ ဒီဗွီဘီကို ​အတည်ပြု ပြောဆိုပါတယ်။

မြိုင်-ပကဖ ဆီကို အလင်းဝင်ရောက်လာတဲ့ ရဲ ဒုတပ်ကြပ် နန္ဒကျော်ကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်လိုက်တယ်လို့လည်း သူက ဆက်ပြောပြီး ပြည်သူဘက်ကို ပူးပေါင်းလိုကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အမြန်ဆုံးဆက်သွယ်ပြီး အလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

မြိုင်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ အလင်းဝင်ရောက်လာသူတွေကို ဆုကြေးငွေ ချီးမြှင့်တာတွေအပြင် နေထိုင်စားသောက်ရေး၊ လုံခြုံရေးတို့အတွက် စီမံဆောင်ရွက်ပေးထားတယ်လို့ မြိုင်-ပကဖဆီကနေ သိရပါတယ်။

ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့အခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်က တပ်သားတယောက်ဟာလည်း လက်နက်ခဲယမ်းနဲ့အတူ မေ ၁ ရက် ညမှာ Yaw Revolution Army (YRA) ထီးလင်းဆီကို အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

YRA - ထီးလင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ထီးလင်းအထိုင်တပ်ကို စစ်ကူရောက်နေတဲ့ ကျောက်ထု ၃၆၈ အမြောက်တပ်ရင်းက တပ်သား ကျော်စိုးဦး (တ/၅၂၅၇၀၉) ဟာ MA သေနတ်တလက်၊ ကျည် ၅၃၉ တောင့်၊ စစ်အသုံးအဆောင်တွေနဲ့အတူ ကျနော်တို့ဆီကို အလင်းဝင်လာတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တပ်သား ကျော်စိုးဦးဟာ စစ်ကောင်စီတပ်အတွင်းမှာ တာဝန်ထမ်းဆောင်တုန်းက ပြည်သူတွေဆီကနေ ခိုးယူ လုယက် စားသောက်နေရတာကို စိတ်ပျက်ပြီး အခုလို အလင်းဝင်လာရတာလို့ ပြောကြောင်း YRA ထီးလင်း တာဝန်ရှိသူက ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ တပ်သား ကျော်စိုးဦးကို ဆုကြေးငွေ သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်နေရာတခုကို ပို့ဆောင်ပေးထားတယ်လို့ YRA ထီးလင်းဆီကနေ သိရပါတယ်။

Yaw Revolution Army (YRA) ထီးလင်းဆီကို စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သား ၂၅ ယောက် လောက် လက်နက်ခဲယမ်းတွေနဲ့တကွ အလင်းဝင်ရောက်ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ကောင်စီတပ်သားတဦးလည်း လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ မေ ၂ ရက်မှာ ကနီအခြေစိုက် ကျောက်လုံးကြီးတပ်မဟာ KLG-PDF အဖွဲ့ဆီကနေ သိရပါတယ်။

ကနီမြို့နယ်၊ ကွမ်းပင်ရေတာဝါတိုင်စခန်းကုန်းမှာ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့ စစ်ကောင်စီ တပ်သားဟာ ဧပြီ ၂၆ ရက် မနက်ပိုင်းမှာ ကျောက်လုံးကြီးတပ်မဟာ (KLG-PDF) အဖွဲ့ဆီကို ရောက်ရှိလာတာပါ။

အသက် ၂၄ နှစ်အရွယ် ကလေးမြို့ဇာတိ တပ်သား စည်သူဟာ စစ်တပ်ထဲဝင်ခဲ့တာ ၁၀ လလောက်ပဲ ရှိသေးပြီး MA 1 သေနတ် ၁ လက်၊ လက်ပစ်ဗုံး၊ ကျည်ဆန်အတောင့် ၁၃၀ နဲ့အတူ အလင်းဝင်လာတာလို့ သိရပါတယ်။

KLG-PDF တာဝန်ရှိသူက “သူနဲ့က ကျနော်တို့အဖွဲ့နဲ့ အချိတ်အဆက်မရှိဘူးဗျ။ နယ်ခံ ပြည်သူတဦးနဲ့ ချိတ်ဆက်ပြီး ကျနော်တို့ထံ ရောက်လာတာဗျ။ ရွာသားက တောထဲထင်းခွေသွားရင်းနဲ့ တွေ့ပြီး ကျနော်တို့အဖွဲ့ဆီ ချိတ်ဆက်ပြီး ပို့ပေးတာဗျ။ ကိုစည်သူကတော့ ကျနော်တို့အဖွဲ့နဲ့ ပူးပေါင်းပြီး စကစကို တိုက်ခိုက်မယ် ပြောတယ်ဗျ” လို့ ပြောပါတယ်။

အလင်းဝင်လာတဲ့ တပ်သားကို ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပေးပြီး ဆုကြေးငွေပေးဖို့ စီစဉ်နေတယ်လို့လည်း KLG-PDF ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013