DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းတွင် မိုးကြိုးထိပြီး စစ်ရှောင် ၃ ဦး သေ၊ ဘုတ်ပြင်းတွင် မိန်းကလေးငယ် ၁ ဦး မိုင်းနင်းပြီး ခြေထောက်ပြတ်
DVB
·
May 4, 2024
သပိတ်ကျင်းတွင် မိုးကြိုးထိပြီး စစ်ရှောင် ၃ ဦး သေ၊ ဘုတ်ပြင်းတွင် မိန်းကလေးငယ် ၁ ဦး မိုင်းနင်းပြီး ခြေထောက်ပြတ်
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ မေ ၂ ရက်နေ့ ညနေပိုင်းက မိုးကြိုးပစ်လို့ စစ်ရှောင်ပြည်သူ ၁၄ ယောက် ထိမှန်ခဲ့ပြီး တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်က စစ်ကောင်စီတပ်ရင်းနားမှာ ဆယ် ကျော်သက် မိန်းကလေးတယောက် မိုင်းနင်းမိလို့ ခြေထောက်တဖက် ဖြတ်တောက်လိုက်ရပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာလည်း မေ ၂ ရက် ညနေပိုင်းက အမျိုးသားတယောက် မိကျောင်းဆွဲခံခဲ့ရလို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ မေ ၂ ရက် ညနေပိုင်းက မိုးသည်းသည်းထန်ထန်ရွာပြီး မိုးကြိုးပစ်လို့ စစ်ဘေးရှောင်ပြည်သူ ၁၄ ယောက်ကို ထိမှန်ပြီး ၃ ယောက်သေဆုံး၊ ၁၁ ယောက် ဒဏ်ရာရသွားပါတယ်။

စစ်ဘေးရှောင်ပြည်သူတယောက်က “သပိတ်ကျင်းမြို့နယ်ထဲက ကြာညှပ်တိုက်နယ်၊ ကိုးပင်ရွာကို ဧပြီ ၂၅ ရက်နေ့က ကြာညှပ်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ တောင်ယာခင်းတွေထဲမှာ စစ်ဘေးရှောင်နေကြရင်း အခုလိုဖြစ်ရတာပါ။ တချို့ တဲလေးတွေလည်း လုံးလုံးပျက်ကုန်တယ်။ အမိုးလန်တဲ့တဲက လန်တာပေါ့” လို့ ပြောပါတယ်။

မိုးကြိုးပစ်ခံရလို့ ကိုးပင်ကျေးရွာက စစ်ဘေးရှောင်တွေဖြစ်ကြတဲ့ အသက် ၅၃ နှစ်အရွယ် ကိုမျိုးမြင့်၊ အသက် ၄၆ နှစ်အရွယ် ကိုဇော်ဦးနဲ့ အသက် ၃၅ နှစ်အရွယ် ကိုဝင်းလွင် တို့ သေဆုံးခဲ့ပြီး မိုးကြိုးစက်ကွင်းမိ ဒဏ်ရာတွေရရှိသူတွေကတော့ ဆေးကုသနေရတယ်လို့ သိရပါတယ်။

စစ်ရှောင်တယောက်က “စစ်တပ်ကဒုက္ခပေးလိုက်၊ သဘာဝဘေးက ဒုက္ခပေးလိုက်နဲ့ ဒုက္ခတွေများ ရောက်လိုက်တာ။ ကူရာမဲ့ဘဝတွေပါပဲ။ ဘယ်တော့များမှ လွတ်မလဲမသိပါဘူး။ စားဖို့သောက်ဖို့လည်း ခက်ခဲနေပြီ။ ရွာပြန်လို့လည်း မရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြို့နယ်တော်တော်များများမှာ လေပြင်းတိုက်ခတ်ပြီး မိုးပြင်းထန်စွာ ရွာသွန်းတာကြောင့် နေအိမ်တွေပျက်စီးသလို လူနဲ့ တိရစ္ဆာန်တွေ သေဆုံးရတဲ့အထိ ဖြစ်ခဲ့တာပါ။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၅၆ဝ တပ်ရင်းအနီးမှာ ဆယ်ကျော်သက် မိန်းကလေးတယောက် မိုင်းနင်းမိတာကြောင့် ခြေထောက်တဖက် ဖြတ်တောက်လိုက်ရတယ် လို့ ဒေသခံ‌ပြည်သူတွေဆီက သိရပါတယ်။

မေ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ၁ မိုင်ခွဲကျေးရွာနေ အသက် ၁၃ နှစ်အရွယ် မ‌ဆောင်းသဇင်ဟာ မိခင်၊ ညီအမတွေနဲ့အတူ တညင်ရွက်သွားခူးရင် မိုင်းနင်းမိခဲ့တာပါ။

ဒေသခံတယောက်က “တပ်ရင်းနယ်နမိတ်နဲ့ ခြံချင်းကပ်လျက်မှာဖြစ်တာပါ။ သူ့အမေနဲ့ သူ့ညီအမတွေနဲ့ အတူ သွားခူးတာပါ။ သူက အရှေ့ဆုံးကမို့ တခြားလူတွေကို မထိတာပါ။ တညင်ရွက်ကို သူတို့က စားလည်းစားတယ်။ ရောင်းလည်းရောင်းပါတယ်။ တကယ်တော့ ရာဘာခြံက တပ်က တားမြစ်ထားတဲ့နယ်မြေပါ။ မိုင်းထောင်ထားတာ ဒေသခံတွေလည်း သိကြပါတယ်” လို့ပြောပါတယ်။

မိုင်းပေါက်ကွဲခဲ့တာကြောင့် မဆောင်းသဇင်ရဲ့ ဘယ်ဖက်ခြေဖဝါးတခုလုံး ပြတ်တောက်ခဲ့လို့ ဘုတ်ပြင်းမြို့က စစ်တပ်ဆေးရုံကို ပို့‌ဆောင်ပေးခဲ့ပြီးနောက် ခြေထောက်ဖြတ်လိုက်ရပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ မိသားစုဝင်တွေနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ဒူးခေါင်းအပေါ်ဘက်ကနေ ဖြတ်ရတာပါ။  သူတို့မိသားစုက ကွမ်းသီးပေါ်ချိန်ဆို ကွမ်းသီးအခ ကောက်တယ်။ ကွမ်းသီးထုတဲ့အလုပ်ကိုလုပ်ပါတယ်။ တညင်ရွက်လည်း ရောင်းဝယ်ပါတယ်။ ဒီလိုပဲ တညင်ရွက်ပေါတဲ့နေရာမှာ လိုက်ခူးရောင်းကြတာပါပဲ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်လောက်ကလည်း ဘုတ်ပြင်းမြို့နားက စစ်ကောင်စီရဲ့ခမရ ၄၃၂ တပ်ရင်းအနီးမှာ ဒေသခံလင်မယားနှစ်ယောက် စစ်တပ်ထောင်ထားတဲ့မိုင်းနင်းမိတာကြောင့် အမျိုးသားဖြစ်သူ ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ ဆေးရုံမှာ သွေးထွက်လွန် သေဆုံးခဲ့ပါသေးတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု ရွာသာအေးကျေးရွာမှာ ချောင်းထဲကို ရေဆင်းချိုးတဲ့ အမျိုးသားတယောက် မိကျောင်းဆွဲခံရပြီး ဒဏ်ရာတွေရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ညနေ ၅ နာရီခွဲလောက်က ဖိုးခွေးရိုးဝဲချောင်းထဲမှာ ရေဆင်းချိုးတာ။ အဲ့ဒါရေချိုးနေတုန်း အော်သံကြားလို့ သွားတော့ မိကျောင်းက ကိုက်ထားပြီ။ မိကျောင်းကလည်း အတော်ကြီးတယ်။ ဘေးကလူတွေလည်း ခြောက်လှန့် သူကလည်းရုန်းကန်နဲ့ မိကျောင်းပါးစပ်က လွတ်ပြီး ပြန်တက်လာတယ်” လို့ ပြောပါတယ်။

မိကျောင်းကိုက်ခံရသူဟာ အသက် ၃၀ အရွယ် ကိုမိုးဝင်းဖြစ်ပြီး ခြေသလုံးတွေမှာ ပေါက်ပြဲဒဏ်ရာတွေရလို့ ကျုံကဒွန်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ဘိုကလေးမြို့နယ်အတွင်းက မိန်းမလှကျွန်း ဘေးမဲ့တောနဲ့ အနီးတဝိုက်မှာ နှစ်စဉ် မတ်လကနေ နိုဝင်ဘာလအထိ မိကျောင်းတွေ မိတ်လိုက် သားပေါက်တာတွေ ပြုလုပ်တဲ့အတွက် အစာအဟာရအတွက်ရော သားစိတ်နဲ့ပါ လူတွေကို ကိုက်တာမျိုး မကြာခဏ ဖြစ်လေ့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013