DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် Non-CDM ကျောင်းဆရာများ လစာမရ 
DVB
·
May 2, 2024
ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် Non-CDM ကျောင်းဆရာများ လစာမရ 
Donate to DVB

ရခိုင်ပြည်နယ်ထဲ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ Non-CDM  ကျောင်းဆရာ၊ ဆရာမတွေ လစာမရကြတာ ၄ လ ရှိနေခဲ့ပါပြီ။ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

တောင်ကုတ်မြို့နယ်ကတော့ အခု ပြီးခဲ့တဲ့ ဧပြီလစာကို မေ ၂ ရက်အထိ မရကြသေးဘူးလို့ ဒေသခံဆရာတွေဆီက သိရပါတယ်။ တောင်ကုတ်မြို့နယ်က တိုက်ပွဲပြင်းပြင်းထန်ဖြစ်ပွားတာ မရှိသလို ကျောင်းတွေလည်း ဆက်လက်ဖွင့်ထားပါတယ်။

ပညာရေးဝန်ထမ်းတွေက ပြီးခဲ့တဲ့လအထိ လစာတွေ အချိန်မှန်ရနေခဲ့ပေမဲ့ အခုလ လစာကတော့ ဘာလို့မရသေးတာလဲ ဆိုတာကို တောင်ကုတ်မြို့နယ် ပညာရေးမှူးရုံး ကိုယ်တိုင် ရေရေရာရာ သိပုံမရဘူးလို့ နယ်ဘက်ကျောင်းအုပ်တယောက်က ပြောပါတယ်။

“ပညာရေးမှူးရုံးကလည်း သေသေချာချာ မသိကြပါဘူး။ ဟိုနေ့ရမယ် ဒီနေ့ရမယ်နဲ့ အခုလည်း ဒီနေ့ရမယ်လို့ ပြောနေတာပဲ၊ အရင်ကဆိုရင် လကုန်တာနဲ့ ၃၀ ရက်ဆို ရနေကျ။ တခါမှတော့ မဖြစ်ဖူးပါဘူး။ သူတို့လည်း သိမယ့်ပုံမရပါဘူး။ ဘဏ်တွေမှာတော့ ရောက်နေပြီလို့လည်း ပြောလိုပြော၊ ဘာကြောင့် အခုလိုကြာနေလဲ မသိပါဘူး။”

ပြီးခဲ့တဲ့တလလောက်ကတော့ တောင်ကုတ်-မအီ ကားလမ်းကို စစ်ကောင်စီက နေရာ ၂ နေရာလောက်ကနေ ဘူဒိုဇာနဲ့ထိုးတာ လမ်းပေါ်ကို တောင်တွေဖြိုပြီး ပိတ်ထားတာတွေကို သံတွဲဘက်အထွက်နဲ့ မအီဘက်အထွက်လမ်းတွေမှာ ဖျက်ဆီးထားတယ်။ ဒါကြောင့် လစာလာပို့မယ့်ကားတွေ ဝင်မရလို့ ဖြစ်လိမ့်မယ်လို့ ကျောင်းဆရာတဦးက ပြောပါတယ်။

“လမ်းပိတ်ထားတော့ ဘဏ်တွေမှာလည်း ငွေမရှိဘူး ထင်တယ်။  ငွေက သံတွဲကနေ လာရတာ။ အခု တောင်ကုတ်-အမ်းလမ်းကိုလည်း တက္ကသိုလ်နားမှာ ဘူဒိုဇာနဲ့ ဖျက်ထားတယ်။ နောက်ပြီး ဂိတ်အလွန်မှာလည်း တောင်တွေကို ဘက်ဟိုးနဲ့ဖြိုချပြီး လမ်းပေါ်ကို ပုံထားတာ ကားသွားလို့မရတော့ဘူး။ သူတို့ကတော့ လစာဝင်တဲ့နေ့ကို ကြေညာပေးမယ်တဲ့။”

ကျောက်တော်မြို့နယ်ကတော့ ၁ လပိုင်းလစာအထိ ရခဲ့ကြပြီး မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကတော့ လစာသွားထုတ်တဲ့ ပညာရေးမှူးအဖွဲ့တွေ အဖမ်းခံလိုက်ရပြီးကတည်းက ၂၀၂၄ နှစ်စကတည်းက လစာမရကြတာ ၄ လ ရှိနေပါပြီ။

မြောက်ဦးမြို့နယ်မှ ကျောင်းဆရာတဦးက “သူတို့မြို့နယ်က AA ထိန်းချုပ်ထားတဲ့ နေရာလည်း မဟုတ်ဘဲ အခုလိုလုပ်ထားတာ၊ ကျောက်တော်ကတော့ ၁ လပိုင်းအထိ ရလိုက်သေးတယ်။ မြောက်ဦးနဲ့ မင်းပြားက ၄ လရှိပြီ မရတာ။ အဲဒါကလည်း မြောက်ဦးက ပညာရေးမှူးအဖွဲ့တွေ လစာသွားထုတ်တုန်းက အဖမ်းခံလိုက်ရပြီးကတည်းက မရတော့တာလို့ ပြောရမှာပေါ့။ ဒီကြားထဲ သင်္ကြန်မတိုင်ခင်က ဝန်ထမ်းစာရင်းတွေ လုပ်ခိုင်းလို့ ၁ လပိုင်းနဲ့ ၂ လပိုင်း ဝန်ထမ်းစာရင်းတွေ ပို့ထားတာပဲ။ ဘာမှလည်း မထူးပါဘူး။ အခုက ပညာရေးမှူးရုံးကလူတွေလည်း သွားမေးရင် မသိဘူးပဲ ပြောနေကြတာ” လို့ ပြောပါတယ်။

အခုကိစ္စတွေနဲ့ပတ်သက်လို့ တောင်ကုတ်မြို့နယ် ပညာရေးမှူးရုံးက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး မြောက်ဦးမြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူကတော့ သူတို့ စာရင်းတွေ ပို့ထားကြောင်း၊ လစာရမယ့်ရက်တော့ သူမသိကြောင်း ပြောပါတယ်။

“လစာအတွက် စာရင်းဇယားတွေ အားလုံးကိုတော့ ပို့ထားပြီးပါပြီ။ ဘယ်တော့ပေးမလဲ ဆိုတာတော့ ကျနော်မသိပါဘူး။”

တောင်ကုတ်မြို့နယ်ထဲမှာ ပညာရေးဝန်ထမ်း ၄,၀၀၀ လောက်နဲ့ မြောက်ဦးမြို့နယ်ထဲမှာ ပညာရေးဝန်ထမ်း ၂,၃၀၀ ကျော်ရှိပြီး DVB က စုံစမ်းသိရသလောက် ရခိုင်ပြည်နယ်ထဲက  မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်ထဲက ဝန်ထမ်းတွေလည်း လစာမရကြဘူးလို့ သိရပါတယ်။

တောင်ကုတ်မြို့နယ်မှာတော့ အခု ဧပြီလ လစာကို စစ်ကောင်စီလက်အောက်ခံ တခြား အရပ်ဘက်ဝန်ထမ်း Non-CDM တွေလည်း မရကြသေးဘူးလို့ သိရပါတယ်။

မင်းညို

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013