Home
မြန်မာသတင်း
မြို့နယ် ၆ ခုတွင် စစ်ကောင်စီတပ်နှင့် စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ
DVB
·
May 1, 2024
PDF01_01052024

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၃၀ ရက် မနက် ၅ နာရီခွဲမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းကို အနီးကပ် ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲဝင် ရဲဘော်တွေက ပြောပါတယ်။

စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံက “ဒီစခန်းဟာ ခရီးသွားလာနေတဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံကောက်နေတာ ကြာပြီဗျ။ ပြည်သူတွေ တိုင်ကြားထားတာကြောင့် အခုလို တိုက်ခိုက်ရတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဗုံးသီးအလုံး ၂၀ ကျော် ပြန်လည်ဖြိုခွင်းခဲ့ကာ မနက် ၆ နာရီမှာ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ရာဝန်းကျင်မှာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးနေတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတဦးက ဆိုပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ မှာ တနင်္သာရီမြို့နယ် ပကဖ၊ တနင်္သာရီရိုးမအဖွဲ့၊ တောဗုံးကြီးအဖွဲ့၊ တိုင်းပကဖ လုံခြုံရေး၊ တောင်ပံနီ၊ ကျွန်းစုပကဖ၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂၊ ပုလောပကဖနဲ့ Dragon Squad တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီစခန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို သွားကြိုတဲ့ စစ်ကောင်စီအင်အား ၄၀ ခန့်ရှိတဲ့ စစ်ကြောင်းကို ဧပြီ ၃၀ ရက် မနက် ၆ နာရီလောက်က KNLA နဲ့ သူရိယစစ်ကြောင်း ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။ 

စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်း‌တပ်တွေအကြား ၁ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “မဲပလီကလာတဲ့ စစ်ကြောင်းကို နတ်ကြီးစခန်းက စစ်ကြောင်းက သွားကြိုတာ။ အဲ့သွားကြိုတဲ့ စစ်ကြောင်းကိုပဲ တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ၆ ဦး ဒဏ်ရာအပြင်းအထန်ရတာ။ တော်လှန်ရေးဘက်က ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကလည်း စကခ ၈ လက်အောက်ခံ မဲပလီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု ရှိခဲ့ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီးရှိ မုပ္ပလင် စစ်တပ်စစ်ဆေးရေးဂိတ်ကို မေ ၁ ရက် မနက် ၇ နာရီခွဲလောက်မှာ တော်လှန်ရေးအဖွဲ့တွေက ဒရုန်းဗုံးသီးနဲ့ လက်နက်ကြီး ၁၀ လုံးကျော် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ခရီးသွားကား ယာဥ်မောင်းတဦးက “စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေကြောင့် ခရီးသွားကားတွေ ၁ နာရီကျော် ကြာလောက်ရှိမယ်၊ ကားတွေပိတ်မိနေတယ်။ တိုက်ပွဲငြိမ်သက်သွားပြီး မနက် ၉ နာရီခွဲကျော်လောက်မှာ လမ်းကပြန်သွားလို့ရတယ်” လို့ ပြောပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “စစ်ဆင်ရေးက ဟုတ်ပါတယ်။ စကစဘက်က ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို စုံစမ်းနေတုန်းပဲ” လို့ ပြောပါတယ်။

မုပ္ပလင် စစ်တပ်စစ်ဆေးရေးဂိတ်ဟာ ဧပြီလထဲမှာ ၃ ကြိမ်လောက် တိုက်ခိုက်ခံထားရပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ တောင်ဘက်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဧပြီ ၃၀ ရက် ည ၇ နာရီလောက်က တိုက်ပွဲ‌‌ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ မုံရွာမြို့နယ်၊ ဖန်းခါးကျင်းရွာက စတင်ထွက်လာပြီး ကြီးဗဒုံရွာ မြောက်ဘက် ရေကန်အနီးမှာ ရောက်ရှိနေကာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဇီးတောရွာသားတဦးက “ကျနော်တို့ တိုက်ပွဲဖြစ်တဲ့နေရာက ကြီးဗဒုံရွာနဲ့ ဇီးတောရွာကြားမှာရှိတဲ့ မုံရွာ-ဘုတလင်သွား ကားလမ်းမပေါ်မှာရှိတဲ့ လမ်းအသုံးပြု ကောက်ခံရေးဂိတ်မှာ ဖြစ်တာဗျ။ ကျနော်တို့ ရွာကနေ ထွက်ပြေးရ‌တာတော့ အကြိမ်ရေအတွက်ကတော့ မသိတော့ဘူး။ စစ်ကြောင်းလာတယ်ဆို ထွက်ပြေးရတာပါပဲဗျ။ အခုလည်း တိုက်ပွဲဖြစ်သံတော့ ကြားတယ်။ နှစ်ဖက်ထိခိုက်မှုကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၈၀ မမ လက်နက်ကြီး ၇ လုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံး ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဘုတလင်ပကဖ တာဝန်ရှိသူတဦးက “တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ပထမက စစ်(-)၂ ကောင်က ကျနော်တို့အဖွဲ့တွေရှိတဲ့ ဘက်ခြမ်းကို ရှေ့ကင်းထိုးလာတာကနေ ပစ်ခတ်တိုက်ခိုက်ဖြစ်တယ်။ စစ်ကောင်စီဘက်တော့ ထိခိုက်မှုများနိုင်တယ်။ ကျနော်တို့ဘက်က နယ်မြေကျွမ်းကျင်မှုကို အသုံးချ တိုက်ခိုက်ခဲ့လို့ အထိအခိုက်တော့ မရှိဘူး။ သူတို့ဘက်ကတော့ ဒဏ်ရာရရှိတဲ့သူတွေ များနိုင်တယ်” လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်နဲ့ မုံရွာမြို့ နယ်စပ်နှစ်ခုကြားမှာရှိတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် စခန်းတွေကို ကာကွယ်ဖို့ ဘုတလင်မြို့နယ် တောင်ခြမ်းတခုလုံးနဲ့ မုံရွာမြို့နယ် အရှေ့မြောက်ခြမ်းကို နယ်မြေရှင်းလင်းရေး အကြောင်းပြုပြီး ဒေသခံကျေးရွာတွေကို လိုက်လံမီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရေဦးမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီနေ့ မေ ၁ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

ခင်ဦးမြို့နယ်မှာ မေ ၁ ရက် မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခင်ဦးမြို့ မြို့ပြ UG မဟာမိတ်အဖွဲ့နဲ့ ခင်ဦးမြို့ ဌာနေဝမ်း ဖီးနစ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ခင်ဦးဌာနေဝမ်း ဖီးနစ်အဖွဲ့‌ခေါင်းဆောင် ကိုတရုတ်ကြီးက “စစ်ကောင်စီတပ်က ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံရဲ့ အနောက်ဘက်ကို ကင်းပတ်တာကို ကြားဖြတ်တိုက်ခဲ့တာ။‌ လမ်းပေါ်တက်လာတဲ့ ကောင်တွေကို စီးပစ်တာ၊ တကောင်ကတော့ တရွတ်တိုက်ဆွဲပြီး သူတို့ဘန်ကာထဲ ဆွဲပြေးသွားတယ်။ စစ်ကောင်စီ အသေအပျောက် အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အလားတူ ဒီနေ့မနက် ၇ နာရီလောက်မှာ ရေဦးမြို့အနောက်ဘက်မှာရှိတဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက ၄၀ မမ ဒုံးသီးနဲ့ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနတ်ဆိုးက ပြောပါတယ်။

“အဲဒီဂိတ်မှာက တပ်ကြပ်စိုးမိုးအောင် အပါအဝင် စစ်သား ၁၅ ဦးခန့်ရှိတယ်လို့ သတင်းရထားတယ်။ အဲဒီ ၁၅ ဦးကလည်း လူထုနဲ့ ခရီးသွားတွေဆီက နေ့တိုင်း ဆက်ကြေးကောက်လို့  သွားရာက်ပစ်ခတ်ခဲ့တာ။ ကိုယ့်ဘက်က အထိအခိုက် အကျအဆုံး မရှိဘူး။”

နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေနဲ့ စစ်ဆေးရေးဂိတ်စခန်းတွေကို ပြည်သူ့တော်လှန်ရေးတပ်တွေက မကြာခဏတိုက်ခိုက်နေပြီး ထိခိုက်ကျဆုံးတာတွေရှိပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024