DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုတွင် မြန်မာ ဒုတိယအဆိုးဆုံးဖြစ် 
DVB
·
May 1, 2024
ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုတွင် မြန်မာ ဒုတိယအဆိုးဆုံးဖြစ် 
Donate to DVB

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန် မြန်မာနိုင်ငံမှာ ဆေးရုံ ဆေးခန်းတွေ၊ လူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ၁၃၀၀ နီးပါးအထိရှိလာခဲ့တယ်လို့ Insecurity Insight သုတေတနအဖွဲ့က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ Insecurity Insight သုတေသနအဖွဲ့ရဲ့ စာရင်းတွေအရ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်ခံရမှုဟာ မြန်မာနိုင်ငံအနေနဲ့ ယူရိန်းနောက်ကလိုက်ပြီး  ကမ္ဘာမှာ ဒုတိယမြောက်ထိခိုက်မှုအများဆုံးနိုင်ငံ ဖြစ်နေပါပြီ။

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန် မြန်မာနိုင်ငံမှာ ကျန်းမာရေးကဏ္ဍအပေါ်  တိုက်ခိုက်ခံရမှု ၁၂၉၃ ကြိမ်ရှိခဲ့ပြီး ဆေးရုံဆေးခန်း ၃၄၈ ခု ဖျက်ဆီးခံရတာကာ ကျန်းမာရေးဝန်ထမ်း ၁၁၈ ယောက် သတ်ဖြတ်ခံရပြီး ၁၃၃ ယောက်က ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ဆေးပညာကွန်ရက်မှ ဒေါက်တာလွမ်းဝေက “ပထမဆုံးတချက်သည် CDM ရဲ့ပုံရိပ်ကို အင်မတန် မုန်းတီးပြီးတော့ ဖျက်လိုဖျက်ဆီးလုပ်လိုသော စစ်ကောင်စီရဲ့သဘောဆန္ဒကြောင့် ဖြစ်ပြီးတော့ ဒုတိယတချက်သည် စစ်ရေးအရ အင်မတန်ရှုံးနိမ့်လာတဲ့အပေါ်မှာ စစ်ရေးကို အထောက်အပံ့ပြုနေတဲ့ တခြားသော အရပ်သားတိုက်ခိုက်မှုတွေ၊ အရပ်သားဆိုင်ရာ ပစ်မှတ်တွေကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ နောက်ဆုံး တခုကတော့ နိုင်ငံတကာရဲ့ အရေးယူနိုင်တဲ့ ယန္တရားတွေအားလုံးရဲ့ နှုတ်ဆိတ်နေမှုနဲ့ လှစ်လျူရှူမှုတွေဟာ စစ်ကောင်စီရဲ့ ဒီလိုအမှုအခင်းတွေကို ကျူးလွန်ဖို့ အင်မတန် လက်ရဲဇက်ရဲ ဖြစ်လာစေတဲ့ အချက်လို့ ကျနော်တို့ဘက်က သုံးသပ်ပါတယ်ခင်ဗျ”လို့ ပြောပါတယ်။

အနီးစပ်ဆုံးဆိုရင်တော့ ဧပြီ ၂၅ ရက်မှာ  စစ်တပ်က မင်းတပ်မြို့နယ်က ဝမ္မသူးဆေးရုံကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံတခုလုံးပျက်စီးခဲ့ရပြီး လူနာ ၄ ယောက်နဲ့ လူနာစောင့် ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ရပြီး တခြားသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း ဒဏ်ရာရခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် NUG ကပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်က ၂ လအတွင်း ဆေးရုံ၊ ဆေးခန်း ၃၅ ခုကိုဖျက်ဆီးခဲ့တဲ့အတွက် ပြန်တွက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ၂ ရက်ကို ဆေးရုံဆေးခန်း ၁ ခုဖျက်ဆီးခံနေရကြောင်း NUG ရဲ့သမ္မတရုံးပြောခွင့်ရသူက ဦးကျော်ဇော်က ပြောပါတယ်။

“၂ လအတွင်းမှာတင် ကျနော်တို့ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဆေးရုံ ဆေးခန်းပေါင်း ၃၅ ခု ဖျက်ဆီးခဲ့တယ်။ တွက်ချက်မယ်ဆိုရင်ပေါ့နော် ၂ ရက်ကို ဆေးရုံ ဆေးခန်း ၂ ခုစီ ဖျက်ဆီးခံနေရတဲ့ အနေအထားရှိတယ်။ ကျန်းမာရေးအဆောက်အဦတွေ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားပြီးတော့ လုပ်ရပ်တွေကို ရပ်စဲဖို့အတွက် နိုင်ငံတကာဖ ဖိအားပေးဖို့ တောင်းဆိုနေသလို၊ နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ဖို့အတွက်လည်း ဆောင်ရွက်နေတယ်။ ဒါတင်မကပါဘူး၊ ပြည်တွင်းမှာ ကျနော်တို့ အုပ်ချုပ်နယ်မြေတွေ များလာတာနဲ့အမျှ ပြည်တွင်းမှာ တရားစီရင်ရေးတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်။ ဒီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ကျူးလွန်တဲ့ပုဂ္ဂိုလ်တွေကို တရားခံအဖြစ်နဲ့ ကျနော်တို့ တရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်မှာလည်း ဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်။”

ကျန်းမာရေးကဏ္ဍနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်ပြီး လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ ဆိုပါတယ်။

NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့လည်း အရပ်သားတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့ ပညာပေးတာ၊ ဇာတ်တိုက်လေ့ကျင့်တာနဲ့ ဗုံးခိုကျင်းတွေကို ဆောက်လုပ်ပေးနေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီဗွီဘီကို ပြောပါတယ်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “ပြဿနာက ဘယ်အချိန်မှာလာပြီးတော့ ဘယ်လို ဒုက္ခလာပေးမယ်ဆိုတဲ့ အတွက်ကို ကြိုတင်သတိပေးမှုနဲ့ ပတ်သက်လို့ အခုလောလောဆယ်ကတော့ ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက်ရယူတာတို့ ဒီလိုနည်းနဲ့ပဲ သွားနေရတဲ့ကိစ္စရှိတယ်ပေါ့။ သို့သော်လည်း တကယ့်နည်းပညာမြင့်မြင့်နဲ့ ဆောင်ရွက်နိုင်ဖို့ ကိစ္စတွေကျတော့ နိုင်ငံတကာရဲ့ အကူအညီတွေလိုတယ်”လို့ ပြောပါတယ်။ 

Insecurity Insight သုတေသနအဖွဲ့ရဲ့စာရင်းတွေအရ ကျန်းမာရေးကဏ္ဍအပေါ် ကျူးလွန်မှုတွေကို စစ်ကောင်စီတပ်၊ ထောက်လှမ်းရေးနဲ့ ရဲဝန်ထမ်းတွေက အများဆုံး ပြုလုပ်ခဲ့တာ တွေ့ရပြီး  ၁၀၇၅ မှုအထိရှိခဲ့ကာ ကျန် ၂၁၇ မှုကိုတော့ တိတိကျကျ ဖော်ပြထားတာ မတွေ့ရပါဘူး။

ဒါ့အပြင် ထိခိုက်မှုအများဆုံးက စစ်ကိုင်းတိုင်း ဖြစ်ပြီး ပစ်ခတ်ပေါက်ကွဲမှု၊ ဖောက်ခွဲမှု၊ မီးရှို့မှုတွေကြောင့် အများဆုံးထိခိုက်၊ သေဆုံးခဲ့ရတာဖြစ်ကာ ၇၆ မှုကတော့ အချက်အလက်မရရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုတွင် မြန်မာ ဒုတိယအဆိုးဆုံးဖြစ်