DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ်မြောက် နွေဦးရုပ်ရှင်ပွဲတော် ဂျပန်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
April 30, 2024
ဒုတိယအကြိမ်မြောက် နွေဦးရုပ်ရှင်ပွဲတော် ဂျပန်တွင် ကျင်းပ (ဓာတ်ပုံ)
1 / 13
Donate to DVB

ဒုတိယအကြိမ်မြောက် နွေဦးရုပ်ရှင်ပွဲတော်ကို ဧပြီ ၂၈ ရက်က ဂျပန်နိုင်ငံ၊ တိုကျို၊ မိတခမြို့မှာ ကျင်းပခဲ့ပါတယ်။

ရုပ်ရှင်ပွဲတော်မှာ “သတ္တိနဲ့ ပွင့်လန်း ချစ်​သောပန်းများ” အနုပညာလှုပ်ရှားမှုရဲ့ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်​တွေ ဖန်တီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ၄ ကားကို ပြသခဲ့ပါတယ်။

တကယ့်မြေပြင်က ရဲဘော်တွေရဲ့ ဖြစ်ရပ်ကို အခြေခံပြီး အိုင်းဇက်၊ ထက်မြတ်၊ REY၊ ထက်ထက်၊ ဂျပန်ကြီးတို့ ပါဝင်ကာ ဒါရိုက်တာ စောအေးထူး ရိုက်ကူးထားတဲ့ - Together (အတူတကွ) ရုပ်ရှင်၊ နိုင်ငံရေးအကျဉ်းသားမိသားစု ဖြစ်ရပ်မှန် ဘဝခံယူချက်တွေကို ဖော်ကျူးကာ အောင်မြင့်မြတ်၊ နေဇော်နိုင်၊ မြတ်နိုးအေး၊ ထက်ထက်တို့ ပါဝင်ပြီး ဒါရိုက်တာငြိမ်းသစ် ရိုက်ကူးတဲ့ “ငါတို့မှာ ငါတို့ပဲရှိတယ်”၊ နွေဦးတော်လှန်ရေးမှာ လှိုင်းတခုအဖြစ် ပါဝင်စီးဆင်းနေတဲ့ လူငယ်တွေရဲ့ ကြံ့ကြံ့ခံ ပေးဆပ်နေရမှုကို တင်ပြထားတဲ့ ဒေါင်း၊ ပိုင်ဖြိုးသုတို့ ပါဝင်ပြီး ဒါရိုက်တာဏကြီးရဲ့ Guilt မှတ်တမ်းရုပ်ရှင်နဲ့ ဒါရိုက်တာ Mauk Kham Wah ရိုက်ကူးကာ WILL-THEE တို့ပါဝင်တဲ့ The Unknown Infinity တို့ ဖြစ်ကြပါတယ်။

ရုပ်ရှင်များပြသအပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ လာရောက်အားပေးသူ ပရိသတ်တို့ Zoom နဲ့ အပြန်အလှန် နွေးထွေးစွာ နှုတ်ဆက် ပြောဆိုခဲ့ကြပါတယ်။

တိုကျိုမြို့မှ လာရောက်ကြည့်ရှုအားပေးခဲ့တဲ့  မအေးချမ်းမိုးက “ကျမတို့က ပြည်ပရောက်နေတယ်။ တတ်နိုင်တဲ့ဘက်က ထောက်ပံ့ချင်တာရယ်၊ ဒီရုပ်ရှင်တွေက ဖြစ်ရပ်မှန်တွေပေါ်မှာ ဖန်တီးထားကြလို့ ပြည်တွင်းက ပြည်သူတွေ နွေဦးတော်လှန်ရေးကို ဘယ်လိုရင်ဆိုင် ဖြတ်သန်းနေကြရတယ်ဆိုတာ ပိုသိချင်လို့ လာရောက်ကြည့်ရှုတာပါ” လို့ ဆိုပါတယ်။

ရုပ်ရှင်မပြခင် ယုံကြည်ချက်ကြောင့် အသက်ပေးလှူခဲ့သူတွေကို ၁ မိနစ်ခန့် ငြိမ်သက် ဆုတောင်းပေးခဲ့ကြပါတယ်။

ယိုကိုဟားမားမြို့က လာရောက်ကြည့်ရှုခဲ့သူ ကိုနွေဦးကိုကိုကတော့ “ငါတို့အလုပ်တွေ ပိုလုပ်ရမှာပါလား။ ငါတို့မသိလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ သူတို့ရဲ့မိသားစုတွေ ဘယ်လောက်စွန့်လွှတ် အနစ်နာခံ ရင်ဆိုင်ကျော်လွှားနေကြရတာ ပိုသိလာရလို့ပါ။ နောက် အတူတကွ အသက်ပေးစွန့် တိုက်နေကြတဲ့ လူငယ်တွေရဲ့ ကိုယ့်ကိုယ်ကိုယ် တာဝန်မကျေဘူးလို့ ထင်မှတ်မှားနေဆဲ ဝိညာဉ်တွေ ရှိနေမယ်ဆိုတာ သိရှိခံစားရလို့ ပြည်ပက ပိုထောက်ပံ့နိုင်ဖို့ ကြိုးစားကြမယ်” လို့ ပြောပါတယ်။

ရုပ်ရှင်ပွဲတော်မှာ အမှတ်တရပစ္စည်းတွေ ရောင်းချတာ၊ လေလံတင်ရောင်းချတာတွေ ပြုခဲ့သလို ရုပ်ရှင်ပွဲတော်ရဲ့ အထူးအစီအစဉ်အဖြစ် အဆိုတော် အေသင်ချိုဆွေက မနက်ပိုင်းမှာ လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။

မေ ၁၉ ရက်က အိုဆာကာမြို့နဲ့ နာဂိုယာမြို့မှာ မေ ၂ ရက်နေ့တွေမှာ ပြသမှာဖြစ်ပြီး လက်မှတ်တွေကို နွေဦးရုပ်ရှင်ပွဲတော် - Myanmar Spring Film Festival Japan မှာ သွားရောက်ဝယ်ယူလို့ ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013