Home
မြန်မာသတင်း
အာရပ်နိုင်ငံများတွင် အိမ်အကူအလုပ် သွားလုပ်သည့် မြန်မာအမျိုးသမီးများ လူကုန်ကူးခံနေရ
DVB
·
April 30, 2024

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဆီ အိမ်အကူအလုပ် သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ ပွဲစားတွေကတဆင့် အီရန်၊ အီရတ်၊ အိုမန်၊ ဆီးရီးယားနဲ့ ဆော်ဒီအာရေဗျစတဲ့ နိုင်ငံတွေဆီ လူကုန်ကူးရောင်းစားခံနေရပါတယ်။

ဒူဘိုင်းမြို့မှာ အိမ်အကူအလုပ် ရမယ်ဆိုကာ အေးဂျင့်က တဆင့် ပို့ဆောင်ပြီး ရောင်းစားခံရတဲ့ အမျိုးသမီးဖြစ်သူရဲ့ ခင်ပွန်းက “ကျနော့် အမျိုးသမီးပေါ့၊ အသက်ကတော့ ၄၀ ၊ ဒူဘိုင်းကို အိမ်အကူအဖြစ်နဲ့ သွားတာပေ့ါ။ သွားတာက ၂၀၂၃၊ ၈ လပိုင်း ၃၁ ရက်နေ့ ည ၉ နာရီမှာ ထွက်သွားတယ်ဟိုကို နောက်နေ့ ၁ ရက်နေ့ ရောက်တယ်။ မနက်ပိုင်း ရောက်တယ်ပေါ့ ရောက်တဲ့အခါကျတော့ သူတို့က ဘာလှမ်းပြောလဲဆိုတော့ ဒီမှာ လူတွေက တို့ချည်းပဲ ၈၀ ကျော်လောက်ရှိတယ်။ အလုပ်ကလည်း ရဖို့လွယ်မှာ မဟုတ်ဘူး။ အခုငါတို့က ရောင်းစားခံထားရတဲ့ သဘောပဲ”လို့ပြောပါတယ်။

ဒူဘိုင်းမှာ အိမ်အကူအလုပ်လုပ်ဖို့ အတွက် အေးဂျင့်ကို ကိုပေးရတဲ့ငွေက ငွေကျပ် ၁၀ သိန်းကျော် ကုန်ကျခဲ့တယ်လို့ ပြောပါတယ်။

အိမ်အကူ အလုပ် လုပ်ကိုင်ချိန် လုပ်ခလစာတွေ အပြည့်အဝ မရသလို ပတ်စ်ပို့စာအုပ်ကိုလည်း အေးဂျင့်က ပြန်မပေးဘဲ သိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ပြန်လာဖို့လည်း ပတ်စ်ပို့ မရှိတာကြောင့် ခက်ခဲနေပြီး အေးဂျင့်ဘက်က လျော်ကြေးငွေ သိန်း ၁၀၀ ကျော်တောင်းလို့ ဒုက္ခရောက်နေတယ်လို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ဒူဘိုင်းမှာ လူကုန်ကူးခံရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းက “ အခု ၁ လနဲ့ ၇ ရက်လုပ်တာ အဲ့ဒီ့လုပ်အားခလည်း မပေးဘူး။ အိမ်ရှင်ဆီကိုတောင်းတော့ အိမ်ရှင်က အေဂျင်စီပေးမယ် ပြောတယ်။ အေဂျင်စီကလည်း ကိုယ့်ကိုမပေးဘူး။ ပတ်စပို့ စာအုပ်လည်း မပေးဘူး။ နောက်အလုပ်လည်းရှာမပေးဘူး။ လျော်ကြေးပဲ သူတို့က တောင်းနေတယ်။ အခု အဲ့လိုဖြစ်နေတယ်။ အဲ့လိုဖြစ်နေတဲ့အခါကျတော့ ကျနော်တို့က ဘယ်ကိုလိုက်လို့ ဘယ်လိုလုပ်ရမှန်း မသိတဲ့အခါကျတော့ အခု တတ်သိနားလည်တဲ့သူတွေနဲ့ ချိတ်ဆက်ပြီးတော့ တော့လုပ်နေပါတယ်”လို့ပြောပါတယ်။

ယူအေးအီးနဲ့ အိုမန်နိုင်ငံတို့မှာ အိမ်အကူအလုပ် သွားလုပ်ကိုင်ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ အဲဒီနိုင်ငံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကြုံနေရတာပါ။ အခန်းတွေထဲမှာ ရက်ပေါင်းများစွာ ပိတ်လှောင် ခံထားရသလို အစားအသောက် မဝမလင် စားရတဲ့ အခြေအနေတွေလည်း ကြုံနေရပါတယ်။

ဒီဗွီဘီက မေးမြန်းထားတဲ့ အဲဒီ အိမ်အကူ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားမှုတွေ ရှိနေပြီး၊ လုပ်ခလစာ မရတဲ့အပြင် ဒူဘိုင်းကနေ တခြား အိုမန်၊ အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျနဲ့ ဆီးရီးယားနိုင်ငံတွေဆီ ရောင်းစားခံနေရတဲ့ အခြေအနေတွေ ကြုံနေရတာပါ။

ဆော်ဒီမှာ အထိန်းသိမ်းခံထားရသူ အမျိုးသမီးရဲ့ မိခင်က “ဆော်ဒီက အိမ်ရှင်က လက်ပါခြေပါနဲ့ ပုံစံမျိုးဖြစ်တဲ့အခါကျတော့ သူက မခံနိုင်ဘူး၊ အန်တီ့သမီးလေး ကိုယ်လွတ် ရုန်းပြီးတော့ ထွက်ပြေးခဲ့တယ်။ ထွက်ပြေးခဲ့တဲ့ အချိန်မှာ သူက လက်ရှိ ထိန်းသိမ်းထားတဲ့နေရာတခုကို ရောက်နေတယ်ပေါ့။ ထိန်းသိမ်းထားတဲ့နေရာ တခုကနေပြီးတော့၊ မေမေရေ သမီးကို ကယ်ပါဦး၊ သမီးကတော့ ထွက်ပြေးလာတာ အဲ့လိုအကြောင်း ရှိတယ်ဆိုလို့ အခုထိန်းသိမ်းထားတဲ့ နေရာမှာ ရောက်ရှိနေပါတယ်။ သူတို့ အေဂျင်စီတွေကို ကျမတို့ လှမ်းပြောတဲ့အခါ ကျတော့လည်း သူတို့ မလုပ်ပေးနိုင်ဘူး ရှောင်ခဲ့တယ်။ ဒီအတွက် ကြောင့်မို့လို့ ကျမသမီးလေးကို ကျမ ရှောရှောရှူရှူ ကျမဆီကို ပြန်ရောက်လာတာကိုပဲဖြစ်စေချင်တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးတာနဲ့ လုပ်ခလစာ နည်းပါးတာကြောင့် ယူအေအီးနိုင်ငံမှာ အိမ်အကူအလုပ် လစာ ကောင်းကောင်း ရမယ်ဆိုကာ Tik Tok ဆိုရှယ်မီဒီယာကတဆင့် ပွဲစားအေးဂျင့်တွေဟာ မက်လုံးပေး လိမ်လည် ခေါ်ဆိုတာတွေ လုပ်တယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

ပြည်ပထွက်ဖို့ ငွေကျပ် ၁၀ သိန်းကနေ သိန်း ၃၀ လောက်အထိ အကုန်ကျခံ ပို့ဆောင်ပေးရတယ်လို့ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။

ဒါအ့ပြင် အဲဒီ နိုင်ငံတွေဆီရောက်တဲ့အခါ အလုပ် မရတာ၊တခြား နိုင်ငံတွေဆီ  ရောင်းစားခံရတာနဲ့ ပြန်လာမယ်ဆိုရင် ငွေကြေး လျော်ဖို့ ခြိမ်းခြောက်ခံရတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

အလုပ်သမားအရေး ကူညီပေးနေသူတဦးက “ကျမတို့နိုင်ငံနဲ့ ဆော်ဒီ၊ ဒူဘိုင်း၊ အိုမန်၊ အီဂျစ်တို့နဲ့က နေထိုင်မှု ပုံသဏ္ဍာန်ချင်းက မတူတာ တပိုင်းပါတယ်။ ဒါ အခက်အခဲ စိန်ခေါ်ချက်၊ အလုပ်သမားတွေအတွက် စိန်ခေါ်ချက်တခုပေါ့နော်။ နောက် ခွဲခြားဆက်ဆံခံရတာတွေ ပါတယ်။ ဒီဟာတွေအပေါ်မှာ ကျမတို့ သွားတဲ့အလုပ်သမားတွေက သည်းမခံနိုင်ဘူး၊ ဆက်ပြီးတော့ မလုပ်နိုင်ပါဘူး။ ကျမတို့ပြန်ပါရစေ ဆိုလို့ရှိရင် အဲ့ဒီ ခုနက အွန်လိုင်းပေါ်က ပွဲစားတွေက ဘာလုပ်လဲဆိုတော့ ဒီမှာ ညည်းတို့ စာချုပ်ချုပ်ထားတယ်။ ငါတို့ကို သိန်း ၆၀ လျော်ရမယ်။ သိန်း ၁၀၀ လျော်ရမယ်။ လေယာဉ် လက်မှတ်ခက ဘယ်လိုဆိုပြီးတော့ ထပ်ပြီးတော့ မိသားစုဆီကို လှမ်းပြီးတော့ ငွေညှစ်တာတွေ ရှိလာတယ်”လို့ ပြောပါတယ်။

အီရတ်နိုင်ငံမှာလည်း ဒူဘိုင်းကတဆင့် အိမ်အကူအလုပ်ရမယ်ဆိုကာ ရောင်းချခံရတဲ့ မြန်မာ အမျိုးသမီး ၆ ဦးဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဝန်ကြီးဌာန၊ အီဂျစ်သံရုံးတို့ဆီ စာပို့ တိုင်ကြားထားပေမယ့် အခုထိ မလွတ်မြောက်သေးပါဘူး။

ရောင်းစားခံရတဲ့ အမျိုးသမီးတွေဟာ တရားဝင် အလုပ် အေဂျင်စီတွေကနေ သွားရောက် လုပ်ကိုင်တာမျိုး မဟုတ်ဘဲ အလည်အပတ် ဗီဇာနဲ့ ယူအေအီးကို သွားပြီး အဲဒီကတဆင့် တခြားနိုင်ငံတွေကို ရောင်းစားခံရတာလို့ လူကုန်ကူး တိုက်ဖျက်ရေး ကူညီပေးသူ တယောက်က ပြောပါတယ်။

လူကုန်ကူး တိုက်ဖျက်ရေး ကူညီပေးနေသူတဦးက “အီဂျစ်၊ အစ္စရေး၊ အိုမန်ဆိုတာက မြန်မာအစိုးရကလည်း တရားဝင်ပို့ခွင့် မရှိသလို ပို့လိုက်တာကလည်း Visit Visa နဲ့ ဖြစ်နေတယ်။ ဒါက အလည်အပတ်နဲ့ပဲ ရောင်းစားခံလိုက်ရတယ်လို့ သတ်မှတ်လို့ ရတယ်ပေါ့။ အိမ်အကူနဲ့ပဲ ပို့ပေးလိုက်တာ။  ဒါပေမဲ့ အိုမန်လို့ ပြောပြီး ခေါ်သွားတာ။ အခုဟာ အီဂျစ်မှာ ရောက်နေတယ်။  အဲ့ဒီမှာ ၁၅ နာရီ အလုပ်လုပ်နေရတယ်။ ထမင်းသိုး ဟင်းသိုးတွေ စားရတယ်။ မအိပ်ရဘူး။ မိဘတွေနဲ့ ဖုန်းပြောခွင့်မရှိဘူး။ လစာလည်း ပုံမှန်ရပုံ မပေါ်ဘူး။ သူက ဟိုဘက်ကို အရောင်းခံလိုက်ရတာပါ။ သူတို့က ပတ်စပို့ သိမ်းထားတယ်။ သန်းခေါင်စာရင်းအစစ်ကို သိမ်းထားတယ်။ မှတ်ပုံတင် အစစ်ကိုလည်း သိမ်းထားတော့ ဘာမှ လုပ်လို့ မရဘူး။ ဘာသာစကား မပြောတတ်တဲ့ ကလေးတွေအတွက်တော့ အရမ်းဒုက္ခရောက်တယ်။ သူများနိုင်ငံမှာလေ။ ဒါက လုံးဝ ရောင်းစား ခံလိုက်ရတယ်လို့ပဲ သတ်မှတ်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ စစ်ဘေးရှောင်ဦးရေ စံချိန်တင် မြင့်တက်လာသလို အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပကို ထွက်ခွာကြသူတွေ ပိုများလာပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကတဆင့် ပြည်ပ နိုင်ငံတွေဆီ တရားဝင် ထွက်ခွာတဲ့ အလုပ်သမားဦးရေ ၁၆၀,၀၀၀ ကျော် ရှိပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီမှာ ပြည်သူ့ စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးနောက် အဲဒီ အရေအတွက်ထက် ပိုများပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် ပြည်ပထွက် အလုပ်လုပ်သူ ပိုများလာပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား ပြီးရင် ယူအေအီး နိုင်ငံတွေဆီ အများဆုံး သွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024